Saturday, November 6, 2010

ဗလာပွဲ

         
 “ကမာ့စီးပွါးရေးပျက်ကပ်ကြောင့်”ဟု ဆိုကာ ကျနော် နင်းနေသည့် ဆိုက်ကားကို ပိုင်ရှင်ဖြစ်သူက ပြန်သိမ်းသွားလေသည်၊၊ ကျနော့်မှာ အလုပ်လက်မဲ့  ဘ၀ဖြင့် ရှေ့ ဘာဆက်လုပ်ရမည်ကို မသိ၊၊ စဉ်းစားရင်း  ခြေထောက် တစ်ဖက်နဲ့ နေသည့် ပက်လက်ကုလား ထိုင်ပေါ်သို့ အသာထိမ်း ထိုင်လိုက်စဉ် သက်ပြင်း တချက် က သူဘာသာသူ အလိုလို ပါးစပ်က ထွက်သွား မိလေ သည်၊၊၊
 ယိုင်နဲ့ နေသည့်ခုံနဘေးတွင် အနည်းငယ် ကြေမွှတွန့်လိမ်နေသည့်  ၁၂ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ အပိုင်းလေးကို ကောက်ကိုင်ကြည့် မိလိုက် တော့ သေသပ်ခန့် ငြားသည့် စစ်ဝတ်စုံဖြင့် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ ပုံဘေးတွင် အောက်ပါ စာသား ကို တွေ့ရ လေသည်၊၊
 “ အစဉ်လာကောင်းများကို ဖန်တီး ဖော် ဆောင် ခဲ့သည့် အကျိုးရလဒ်ကောင်း များကြောင့် ယဉ် ကျေးမှု အဆင့်အတန်းမြင့်မားပြီး အမျိုးဂုဏ် ဇာတိဂုဏ် ထွန်းပြောင်မြင့်မားသော “မြန်မာ” ဟူသည့်” ကျနော် ဆက်မဖတ်ဖြစ်တော့၊၊
 ကျေးဇူးရှင်ကြီး ကျန်းမာ ပါစေ၊ ချမ်းသာပါစေ၊ ဆက်လက် ၍ တိုင်းပြည်အုပ်ချုပ်မင်း လုပ်နိုင်ပါစေ ဟု မေတ္တာပို့ ရင်း မျက်စေ့နှစ်လုံးစုံမှိတ်ကာ့  ကမBာ့စီးပွါးရေးပျက်ကပ်ကြောင့် နိုင်ငံတကာ နည်းတူ ဗိုလ်ချုပ်မှူး ကြီးအစိုးရမှလည်း အားကျမခံ စီးပွါရေးကျားကန်သည့် အစီအစဉ်များအဖြစ် ပြည်သူ လူထု အားလုံးကို အခမဲ့ ယာဉ်စီးခွင်၊ အခမဲ့ ပညာသင်ခွင့် အခမဲ့ ဆေးကုသခွင့် စသည့်အစီအစဉ်များကြောင့် ကျ နော် ပျော်သွားသည်၊၊
 ထို့ကြောင့် ကျနော်တို့ မိသားစုလေး၏ မွေးရပ်မြေ “မီးမလင်းမြို့ ” သို့  အလည် သွားဖြစ်သည်၊၊ ရထားပေါ်တွင် ယခင်လို ခေါင်းရွက်ဗျတ်ထိုးဈေးသည်များမတွေ့ရတော့ပေ၊၊ ရထား တွဲတိုင်းတွင် အစားအသောက် များစီစဉ်ထားသည်၊၊ကျနော် တို့လို ခရီးသွား သည့်မိသားစုများမှာ လည်း တပြုံးပြုံးဖြင့် ရှေးဟောင်း နှောင်းဖြစ်များကို ပြော မဆုံးနိုင်အောင်ရှိလှသည်၊၊
 “ရေမလာမြို့” ဘူတာကိုဝင်တော့ ရထားဝန် ထမ်း များသည် ခရီးသည်များကို လက်ပြနှုတ်ဆက် ကာ ရထားရပ်သည်နှင့် ရေသန့်ဘူးများကိုကမ်းသည်၊၊
 “၀ါးရင်းဒုတ်မြို့” ဘူတာအရောက်တွင်တော့ ကျနော် အနည်းငယ် လန့် သွားသည်၊၊ထိုဘူတာတွင် ရထားက မရပ် သော ကြောင့် အဆင်သင့်စောင့်နေသည့်  မြို့ ခံများက ရထားအဖြတ်တွင် ကောက်ညှင်းထုပ်များ၊ မုန့် ဖက်ထုပ်များ၊ ကောက်ညှင်း ကျည်ထောက် များဖြင့် ပစ်ပေါက်ကာ ကြိုလေသည်၊
 ကျနော်တို့ တစ်ခုံကျော်တွင်ထိုင်နေသည့် အဒေါ်ကြီးကသူ့ နဖူးကို လက်ဖြင့် အသာပွတ်ရင်း“သူတို့ မြို့ က ကောက်ညှင်းက အတော်စီး(စေး)သဟေ့”ပြောတော့ သူနှင့် အတူ ထိုင်နေသူ အမျိုး သမီးက “ကောက်ညှင်းကတော်တော် ဆန်ကြမ်းက စီး(စေး) နေတာပါ”ဟု ဖြေလိုက်လေသည်၊၊
 နောက်ဆုံး ဖြတ်ရမည့် “ဖွတ်ကျောပြာစုမြို့”ဘူတာကို ရောက်တော့ နေ့လည် ဖြစ်နေပါပြီ၊၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးအသင်းကြီးမှ ကြီးမှုး၍ ခရီးသည် များကို ရထား ရပ်သည်နှင့် ကံစမ်းမဲများကို လိုက်ဝေပါသည်၊၊ မဲပြားပေါ်တွင် လက်မှတ်ထိုး လိုက်ရုံဖြင့်ပေါက်မဲကိုအဆင်သင့်ထုတ်ပေးသဖြင့်ခရီးသည်များ သူထက်ငါအလု အယက်  ဖြစ်သွားသည်၊
 အမျိုသမီးငယ်တစ်ဦးမှ “ဗလာမပါဘူးတဲ့ အားလုံး ပေါက်မဲတွေ ချည့်ပဲ” ဟု ၀မ်းသာအားရဖြင့် လှမ်း အော်လိုက်သည်၊၊ ဘေးတွင်ထိုင်နေသည့် ဖခင်ဖြစ်ဟန် တူသော အဘိုးကြီးက မျက်မှောင်ကုံျ့လျှက်“အေ့း့  အေး ကြည့် လည်း ပျော်ဦး ပေါက်မဲတွေကနေ သေမဲ့ သေမဲ တွေဖြစ်ကုန်ရင် နင်တို့ အကုန်လုံး ကုလားနာတိုက်ကုန် မယ် သိလား” ဘေးမှာထိုင်နေသည့် အမျိုးသမီးကြီးက နှာခေါင်း ရှုံ့ လိုက်ပြီး မဲ့ကာ ရွဲ့ ကာဖြင့် “ပြည်ပက မီဒီယာဆိုလား မဒရာဆိုလား အဲဒါတွေက ပြောတော့ ကမBာ့စီးပွါးရေး ပျက်တယ်လေး ဘာလေးနဲ့ အခုတော့ကြည့်ပါဦး တလမ်းလုံး တခါမှ တောင် ကြုံဘူး ပါဘူးတော်”
 ထိုအမျိုးသမီး၏ အဆိုကို နောက်အမျိုးသမီးကြီးက “အဲဒါတွေ ပြောတာပေါ့ အေ့၊၊ မိုးလုံးမှိုင်း မုသာဝါဒ ဆိုလား ဘာဆိုလား အဲဒါတွေကို နားမထောင်ရဘူးတဲ့၊၊ ကျုပ်ကတော့ ဟန်ကျသအေ၊၊့ အသံထွက်တဲ့ဟာ  ဘာလဲ နေစမ်းပါအုံးတော် အဲဒါ မရှိတော့ နားကို အေးလို့ ”ရထားပေါ်တွင် တစ်ယောက်တစ်ပေါက်ဖြင့် မဲကိစ္စမှ စလိုက်သည့် ပေါက်မဲ ဈေးကွက်သည် ကျနော် ဆင်းရမည့် ဘူတာ ရောက်သည့် အထိ မတည်ငြိမ်သေးပေ၊၊
 ကျနော်တို့ ဆင်းရမည့် “မီးမလင်းမြို့ ” ဘူတာကို ရထား ဆိုက်တော့ မိုးစုန်းစုန်းချုပ်နေပါပြီ၊၊ ပိုက်လုံးထိပ်တွင် မီးဇာ တပ်ထားပြီ တစ်လံလောက် အကွာတွင်တစ်တိုင်ထွန်းထားသဖြင့် ဘူတာကြီး တခုလုံး လင်းထိန်နေသည်၊၊ ထိုမီးတိုင်အောက်တွင် အရိုးခေါင်းပုံနှင့် သတိပေးတားမြစ်စာ ချိတ်ထားသဖြင့် ကျနော် ဖတ်ကြည့်လိုက်သည်၊၊
 “ သတိ ၊ မည်သူမှ ၊ မပိုင်ရ၊ မဆိုင်ရ၊ မကိုင်ရ၊ မတို့ ရ၊ မထိရ၊ သေသွားမည်၊ သဘာဝဓါတ်ငွေ့  မီးတိုင်ဖြစ်သည်”  ထိုတား မြစ်စာလိုလို ကျိန်စာလိုလို ဖတ်ပြီး ကျနော်လန့် သွားသည်၊ခရီးသည်တွေ အသက် အန္တရာယ်ဖြစ်မှာစိုးလို့ ထင်ပါရဲ့ လို့ တွေး ရင်း ဘူတာမှ ကျနော်တို့ မိသားစုလေးထွက်လာခဲ့သည်၊၊
 ဘူတာအပြင်ဘက်တွင် လူသွားလူလာနည်းသဖြင့် အနီးအနားမှ လူတစ်ယောက်ကို မေးရင်း မြို့ အခြေအနေကို အကဲခတ် လိုက်သည်၊၊ ထိုသူက “မြို့ ကလူတွေ လိုတရ ဘုရားပွဲ ကို ရောက်နေကြတယ်လေ”ဟု တိုတိုတုတ်တုတ်ဖြေပြီး လှည့်သွား တော့မည်အပြုတွင် ကျနော်က့ 
 “ နေပါအုံး နောင်ကြီးရဲ့ ဘုရားပွဲကဘယ်တုန်းကစလို့ ဘယ်တော့လောက်ပြီးမှာလဲ့ ”
 ထိုသူက ခေါင်းကိုကုတ်လျှက် “ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက် ကတည်းက စခဲ့တာ အခုထိပဲ့ လိုတရ ဘုရားနံဘေးမှာ ရုံကြီးဆောက်ပြီး ရွှေရွှေမေတ္တာ ဆိုတဲ့ ဇာတ် လာကနေတာ အဲဒီကတည်းကပဲ့ အခုထိတော့ ကလို့ ကောင်း နေတုန်းပဲ့ မပြီးသေးဘူ့း့ လာမည့်နှစ်ကိုတော့ ဇာတ်နံမည် ပြောင်းမယ်လို့  လူပျက်တွေက ပျက်လုံးထုတ်နေတယ်”
 “ဒီလောက်နှစ်ရှည်လများ ဘယ်သူက ငှားထားလို့ သူတို့ ဇာတ်က ဒီလောက်အကြာကြီး ကနေရတာလဲ့  ” ကျနော် က မေးလိုက်မိသည်၊၊
 “ သူတို့ ဇာတ်ကို ဘယ်သူကမှ ငှားတာမဟုတ်ဘူး၊၊ သူတို့ ဘာသာသူတို့  လိုတရ ဘုရား ကြီးကို ပူဇော်ချင်လို့ ဆိုပြီး အလကား (ဗလာဇာတ်) ဆိုပြီးကနေတာ့ ခင်ဗျားလည်း ရောက်တုန်း ရောက်ခိုက် သွားကြည့်ပါလား၊၊ မင်းသားကြီး ကတော့ အိုနေပါပြီ ဒါပေမယ့် မင်းသားအသစ် လည်း သူကလက်မခံဘူးလို့ ပြောသံတော့ ကြားတယ်”
 လူသံ၊ ကလေးသံ များဆူညံနေသည့်  “လိုတရ” ဘုရား ပွဲသို့  ကျနော်ရောက် သွားလေသည်၊၊ ပွဲလာသည့် လူအများ မှာ လူစုံရှိလှသည်၊၊ ၀တ်ကောင်းတန်ဆာ များဖြင့် ဖိတ်ဖိတ် တောက်ကာ၊ လက်ထဲတွင်လည်း အစားအသောက်မျိုးစုံကို ချိုင့်ကြီး ချိုင့်ငယ် အသွယ် သွယ်ဖြင့် ပွဲခင်းထဲတွင် စားသောက်ရန် ယူလာကြဟန် တူသည်၊၊ ဇာတ်ရုံအ၀င်အ၀ရှိ ပိတ်ကားကြီးတွင် ရေဆေးပန်ချီဖြင့် ရေးထားသည့် “ရွှေရွှေမေတ္တာ ဇာတ်သဘင်” ဆိုသည့် ဆိုင်းဘုတ်ကြီးက လေအတိုက်တွင် ယိမ်းကာယိုင်ကာဖြင့် တခါတခါ လေအတိုးတွင် ဖောင်းဖောင်းကားကား ဖြစ်သွား လေသည်၊၊
 ဇာတ်ရုံထဲကို ကျနော်မည်သို့ မည်ပုံရောက်သွား သည်ကို မမှတ်မိပေ၊၊ ကျနော်ရောက် တော့ မင်းသားရွှေရွှေ ကနေပါပြီ၊၊ “ရွှေမေတ္တာ ပို့ကြထာဝစဉ် အကျိုးအားဖြင့် ၁၂ ပါး ပွါးများ မေတ္တာ အမှန်ပါဘဲရှင်” မင်းသားနောက်က ၀ိုင်းထားသည့် မင်းသမီးများ၏ သီချင်းသံပင်ဖြစ်သည်၊၊သီချင်းအဆုံး မင်းသားလှည့်ကလိုက်တော့ မင်းသား တောင်ရှည်ပုဆိုးက ရှေ့ လေးတွင်သာဖုံးထားပြီး နောက်တွင် ဖင်ပြောင်ဖြစ်နေတော့သည်၊၊ မင်းသားကတော့ ပုံမပျက်၊ ဟန်မပျက်၊အကမပျက်၊၊ပရိတ်သတ်ကတော့ ၀ါးခနဲ ၀ါးခနဲ ဖြင့်ပွဲကျသွားသည်၊၊
 အနီးကပ်ကြည့်ရတာ အားမရသဖြင့် ဇာတ်စင်နား တိုး၍ တိုး၍ကြည့်ရာ နောက်ဆုံး ဇာတ်စင်ရှေ့ သို့ ရောက်သွား လေသည်၊၊ “မန်း စိန် စတင်း”ဆိုင်းအဖွဲ့ က ပတ်မကြီးထုလေ မင်းသား မှာ ခုန်လိုက်၊ ဂျွမ်းထိုးလိုက်နှင့် ချွေများပင်ပြန်နေသည်၊၊ ညာ ဘက်တွင်ရှိ သည့် နိုင်ငံခြားသံစုံတီးဝိုင်း  “မာမွတ် လျောင်ကီး” ခေတ်ပေါ်တေး ဂီတနှင့် မြန်မာဆိုင်းအဖွဲ့ တို့  သူတပြန် ကိုယ်တပြန် အပြိုင်တီးခတ် နေသည် ကို အမှီလိုက် ကနေသည့် မင်းသားမှာ ပညာသား    ပါလှသည်၊၊
 မြန်မာမူ မြန်မာဟန် မြန်မာဇာတ်ပွဲကို ကြိုက်သော ကျနော်မှာ နောက်ဆုံးတော့ ရှေ့ ကနေကြည့်ရုံတင်မကပဲ ဇာတ်ခုံပေါ် လိုက်ကာကြားမှ နေ၍ ကြည့်လေသည်၊၊
 ဇာတ်ဒါရိုက်တာဖြစ်ဟန်တူသော လူက လက်ထဲတွင် ဇာတ်ညွှန်းဖြစ်ဟန်တူသော စာအုပ် တစ်အုပ်ကို ကိုင်ထားသည်၊၊ စာအုပ်အဖုံး ပေါ်တွင် ရေးထားသည်က “ဝေသာလီပြည် ဘီလူး ကျခန်း ၂၀၁၀”  ကျနော် စိတ်ဝင်စား သွားသည်၊၊ ထိုနောက် ထိုဇာတ်ဆရာနှင့် မိတ်ဆက်၍ အဆင်ပြေသဖြင့် ကျနော် အထဲသို့ ဟိုဟို ဒီဒီ လိုက်ကြည့် မိသည်၊၊ မင်သား၏ မယား မင်းသမီးကြီး နှင့်လည်း မိတ်ဆွေ ဖြစ် သွားသည်၊၊
 ဇာတ်ရုံအတွင်းဘက် တွင် ဘုရားစင်လေးတစ်ခု လုပ်ထား သည်၊၊ ထိုဘုရားစင်တွင် ဖယောင်းတိုင် နှစ်တိုင်ထွန်း ထာသည်ကို တွေ့ ရသည်၊၊ အောက်တွင် ဘုရား၊ တရားဟူ၍သာ ရေးထားသည်၊၊၊ သံဃာ ဘာ့ကြောင့် မပါသည်ကို ကျနော်မသိ၊၊ ဘုရားစင်ရှေ့ တွင် ပိတ်အဖြူ ၀တ်ထားသည့် လူတဦး ထိုင်နေသည်ကိုလည်း တွေ့ ရသည်၊၊ မင်းသား နှစ်ပါးသွားကပြီးနောက် ဇာတ်စင်ပေါ်မှ ဆင်းလာပြီး ဘုရားစင်ကို နောက်ကျောပေးထိုင်နေသည့် ထို ပိတ်ဖြူဝတ်ထားသည့် လူရှေ့ တွင် ကြုံ့ ကြုံ့ လေးထိုင်ကာ ထိခြင်း ငါးပါး ဖြင့် ရိုရိုသေသေ ကန့် တော့ လိုက်သည်၊၊ “အောင်စေ၊ ပိုင်စေ၊ နိုင်စေ”ဟု ထိုပုဂ္ဂိုလ်က ကျယ်ကျယ် လောင် လောင် ဆုပေးလိုက်သည်၊၊
 ထို့ နောက် မင်းသမီးမေတ္တာလှိုင်က အလှပြင်ခန်းကို ခေါ်သဖြင့် ကျနော်လိုက်သွားသည်၊၊ မေတ္တာလှိုင်၏ ဆံထုံး ပေါ်တွင် စိုက်ထားသည့် စိန်များက အရွယ်အလွန်ကြီးမားသောကြောင့် ကျနော်က  မေးမိသည်၊၊
  ဒါ “ စိန်အစစ်တွေလား”
 ကျနော့်အမေးကို ၀မ်းသာအားရဖြင့့် 
 “ဒါတွေက အင်းယားလမ်း ငါးလောင်းပြိုင်”
ဟု   အစထွက်ကာ ကမန်း ကတန်း ဘရိတ်အုပ်လိုက်ပြီး
 “အင်း အစစ်တွေပေါ့ မိုးကုတ်သွား က တုန်းက ဆုချတာလေ” မျက်နှာပေး လေးဖြင့် ပြောသည်၊၊
 “လူကြမ်းတွေ ခဏလာအုံးဟေ့”
 ဒါရိုက်တာ၏ အသံကြောင့် မင်းသား မင်းသမီးများ အားလုံး ဒါရိုက်တာအနားသို့  အပြေး သွားကြသည်၊၊
 ဒါရိုက်တာက ဇာတ်တွင်ကရမည့် ဇာတ်ညွှန်း အခိျု့ ကို ဖတ်ပြပြီး ဖမ်းပုံဖမ်းနည်း၊ ရိုက်ပုံ ရိုက်နည်း၊ လက်ထိတ် ခတ်ပုံ ခတ်နည်းများကို သင်ပေး လေသည်၊
 ဘေးမှ ရပ်ကြည့်နေသောကျနော့်အား“ခဏလောက်”  ဆိုပြီး လက်ထိပ်ခတ်လိုက်ရာ့ 
       “အား အား အာ့း့ ကျနော်မပါဘူ့း့ ကျနော်မပါဘူး”
 လန့်အော်သံ၊ ခုံကျိုးကျသံ တို့နှင့်အတူ ကျနော် ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်၊၊ကျနော် မျက်စေ့ဖွင့်ကြည့်လိုက်တော့ ကျနော့် ရင်ဘတ်ပေါ်တွင် မြန့်မာအလင်းသတင်းစာစုတ် အပိုင်းလေးက  မှောက် လျက်သား ဖြစ်နေတော့သည်၊၊  
      သြော့့် ကျနော်  “ဗလာပွဲ”ကိုအိမ်မက် မက်နေ နေတာပါလား၊၊
                                                                              ကော့သား - ရေးသည်

No comments:

Post a Comment