Thursday, June 16, 2011
ဘူစတာ
၁၉၉၈ ခုနှစ် နွေဦးပေါက် တရက် သာယာဝတီထောင်ရဲ့တိုက် ၃၊ အခန်းနံပါတ် ၅ မှာ ဟောဒီ မေတ္တာဇာတ်လမ်းလေး စ ခဲ့တယ်။ အဲဒီအချိန်က ကျနော့်အခန်းမှာ ကျနော်ရယ်၊ ဟန်ဝင်းအောင်ရယ်၊ ဝတုတ် (ခ) ခင်မောင်ဦးရယ် ၃ ယောက် နေထိုင်ကြပါတယ်။ တနေ့မှာ ဟန်ဝင်းအောင်က အပျံသင်ခါစ ခိုလေးတစ်ကောင် မပျံနိုင်ဘဲ ပြုတ်ကျလာလို့ ကောက်လာတယ်။ အဲဒီခိုလေးမှာ ဝဲတွေပေါက်နေတယ်။ တစ်ကိုယ်လုံးအဖုလေး တွေနဲ့ပေါ့။
ဟန်ဝင်းအောင်က ခိုလေးကိုအခန်းထဲမှာမွေးဖို့ အတူနေကျနော်တို့ကိုညိ‡တယ်။ အတောင် မဖြတ်ရဖူး။ ပျံနိုင်တဲ့အချိန် ကျရင် ပျံခွင့်ပေးရမယ်ဆိုတဲ့ ကျနော့်ည‡ိနှိုင်းချက်ကို သူလည်းသဘောတူတာနဲ့ ကျနော်တို့ ခိုကလေးကို မွေးဖြစ်သွားကြတယ်။ အဲဒီအချိန်တုန်းက ခိုလေးကို အထီးလား၊ အမလား ကျနော်တို့ မခွဲခြားနိုင်ကြပါဘူး။ ဒါပေမဲ့ နာမည်ရှိဖို့တော့ လိုတယ်ဆိုပြီး နာမည်စဉ်းစားကြတယ်။ နောက်ဆုံးကျနော် အဆိုပြုတဲ့ ဘူစတာ ဆိုတဲ့ နာမည်လေးကို သဘောတူလိုက်ကြတယ်။ ကျနော်က အဲဒီနာမည်လေးကို ထောင်မကျခင်က အိမ်တွေမှာ အမြဲသုံးနေတဲ့ လျှပ်စစ်မီးအား တိုးမြ‡င့်တဲ့ စက်ကလေးကို အစွဲပြုပြီး ပေးလိုက်တာပါ။ တဖက်က အဓိပ္ပါယ်ကလည်း ကျနော်တို့ အထီးကျန်နေ တဲ့အချိန်မှာ ကျနော်တို့ကို ကြည်နူးမှုလေးတချို့ ပေးစွမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။
ဒီလိုနဲ့ခိုလေးရောက်လာပြီး အစပိုင်းရက်တွေမှာ ကျနော်တို့လည်းသူ့ကို အရိပ် တကြည့်ကြည့်နဲ့ပေါ့။ အစာလေးတွေ ခွံ့ကျွေးကြ၊ ရေတိုက်ကြ။ အနာတွေကို ဆေးလိမ်းပေးကြနဲ့ ကြည်နူးနေကြပါတယ်။ ခိုလေးကို တရိစ္ဆြွာန်လို့တောင် သဘောမထားဘဲ ကိုယ့်သားသမီးလိုကို ချစ်နေကြတာပါ။ ရက်အနည်းငယ်အတွင်းမှာပဲ ခိုကလေးလည်း အတော် ကျမ္မာလာတယ်။ ကျနော်တို့ရဲ့ ကြည်နူး မှုတွေမှာလည်း အပျော်တွေထပ်တိုးလာတယ်။ သူဗိုက်ဆာရင် ကျနော်တို့ကို ပွတ်သီးပွတ်သတ် လေးလုပ်။ ကျနော်တို့က လက်ဖဝါးပေါ်ကို ကုလားပဲစေ့လေးတင်ထား၊ သူကလက်ပေါ်ကို ခုန်တက်ပြီးအစာစား။သိပ်ပျော်စရာကောင်းတဲ့အချိန်လေးတွေပါ။ အဲဒီအချိန်မှာတော့ ကျနော်တို့ လည်း သူ့ကို သမီးလေးမှန်း ခွဲနိုင်ခဲ့ပါပြီ။
ဒီလိုနဲ့သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ကျနော်တို့လည်း မိဘဝတ္တရား ကျေပါ့မလား။ ထမင်းဟင်း ကျွေးထားရုံနဲ့ လုံလောက်ပါ့မလား ဆိုတာမျိုး ပူရ ပင်ရ တာတွေရှိလာပါပြီ။ သူ့ကိုယ်သူ ရပ်တည်နိုင်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ။ သူ့အမျိုးအဆွေတွေကို သိအောင် ဘယ်လိုလုပ်ပေးရမလဲ။ အကယ်၍များ ငါတို့ ထောင်ပြောင်းကြရရင် ဘယ်လိုလုပ်ရပါ့မလဲ၊ စသည်ဖြင့် ကျနော်တို့ ၃ ယောက်သား ခေါင်းချင်းရိုက် တိုင်ပင်မိကြတယ်။
သူ့ကိုသဘာဝအကြောင်းသိအောင် သင်ပေးရမယ်။ သူ့ဆွေမျိုးတွေနဲ့ သူ့အသိုင်းအဝိုင်းကို သူသိအောင် သူ့အသိုင်းအဝိုင်းကသူ့ကို ပြန်လက်ခံအောင်óကိးစားရမယ်။ သူ့ဖာသာသူ အစာရှာ စားတတ်အောင် လေ့ကျင့်ပေးရမယ်။ အဲဒါမှ သူ့ကိုချစ်ရာရောက်မယ်။ ငါတို့လူသားတွေကို သူ့ရဲ့ဆွေမျိုးရယ်လို့ ထင်ယောင်နေတဲ့အမြင်မှားကို ချေဖျက်ပေးရမယ်လို့ ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ “သမီးရေ သမီးဟာ ငှက်လေးတစ်ကောင်ဖြစ်တယ်။ ခိုမျိုးနွယ်စုလေးပေါ့။ ငှက်ဆိုတာဟိုးလွတ်လပ်တဲ့ ကောင်းကင်ပြင် ကြီးမှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်းရှိကြတယ်သမီးရဲ့။ ဒါကြောင့်ပျံနိုင်အောင် óကိးစားပါ သမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့ ဝိုင်းñကိုးစားပေးကြမယ်”
သူနားလည်မှာမဟုတ်မှန်းသိပေမယ့် ကျနော်က အဲဒီလိုတတွတ်တွတ်ဆက်ကာ ဆက်ကာ ပြောနေမိတယ်။
‘ဖေဖေ့ဆီမှာလည်း အဖေနဲ့ အမေ ဆိုတာရှိတယ် သမီးရဲ့။ ဖေဖေရဲ့ အဖေနဲ့ အမေတို့ကအဖေ့ကိုသိပ်ချစ်ကြတာပေါ့။ ဒါပေမဲ့ မတရားတဲ့ အာဏာရှင်တွေက အဖေသိပ်ချစ်တဲ့ မိဘတွေရဲ့ ရင်ခွင်ထဲကနေ အဖေ့ကိုအတင်းလုယူလာကြပြီး ဒီလှောင်အိမ် ထဲမှာ ထားထားကြတယ်။ ဒါပေမဲ့သမီးရယ် အဖေကတော့သမီးကိဲုဒီလှောင်အိမ်ထဲမှာ မထားနိုင်ဘူး။ သမီးကို အဖေတို့နားမှာ အမြဲရှိနေစေချင်ပါတယ်၊ ဒါပေမဲ့ သမီးအဖေတို့နဲ့ မနေရဖူး။ ဟိုးလွတ်လပ်တဲ့ကောင်းကင်ကြီးထဲမှာ သမီးမြူးတူးခုန်ပေါက်ပြီး ကခုန်နေ တာကိုဘဲ အဖေမြင်ချင်တယ်။
“ခင်ဗျားကသာဒီလိုပြောနေတာသူ့ကိုလောကကြီးအကြောင်းသိအောင် ဘယ်လိုသင် ပေးမှာလဲ” ဝတုတ်က ကျနော်ပြောနေတာတွေကို နားထောင်ရင်း ထမေးပါတယ်။ ဒါကလွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့óကိး စားလို့ရပါတယ်။ အရင်းအနှီးလိုတယ်။ အချိန်လိုတယ်။ လုပ်ပိုင်ခွင့်လိုတယ်လို့ ကျနော်ပြန်ဖြေလိုက်တယ်။ နောက်တနေ့မှာ ကျနော် ကစပြီး အဆိုပြုတယ်။
“ဟန်ဝင်းအောင်ရေæ ငါတို့ဆီမှာ ရှိနေတဲ့ ကုလားပဲ လက်နှစ်ဆုတ်စာကို ရှေ့က ကွက်လပ်ထဲမှာ ကြဲထားလိုက်။ မင်းအဲဒါကို နေ့တိုင်းလုပ်ပေးပါ။ ပြီးတော့ သမီးကို လက်ထဲမှာ အစာမကျွေးနဲ့တော့။ အောက်မှာ ချကျွေးချေတော့”
‘မစားရင် ဘယ်လိုလုပ်မလဲလို့’ ဝတုတ်က မေးပြန်ပါတယ်။ “မလိုပါဘူး။ သူဆာရင် စားလိမ့်မယ်။”
ဒီလိုနဲ့ရက်အနည်းငယ်အတွင်းမှာဘဲ သူဟာအစာကို အောက်ကနေ ကောက်စား တတ်တဲ့အကျင့် ရသွားပါတယ်။ အဲဒီကမှ နောက်တဆင့် တက်ရပါတယ်။ “သူ့ကို အခန်းထဲမှာ အစာမကျွေးနဲ့တော့ဗျာ၊ ကျနော်တို့ အခန်းရှေ့မှာ ချကျွေးမယ်”
ကျနော်တို့ ကကုလားပဲစေ့တွေကို ကျနော်တို့ရှေ့ စိုက်ခင်းထဲကိုကျဲချထားလိုက်တော့ အခြားခိုတွေလာပြီး ကျနော်တို့ကြဲထားတဲ့ ကုလားပဲတွေကို လာပြီး စားသောက်နေကြတာပေါ့။
“သမီးရေ ဟိုမှာတွေ့လား။ အဲဒါ သမီးရဲ့ ခိုမျိုးနွယ်စုတွေပေါ့။ အဲဒီထဲမှာ သမီးရဲ့ အဖေ အမေ၊ မောင်နှမ တွေရှိကြတယ်။ သွားပြီးမိတ်ဆက်ချည်။ ဆွေမျိုးတွေကိုရှာချည်ပါသမီးရယ်æ ဒါမှသမီးဟာကိုယ့်ရဲ့ မျိုးရိုးဗီဇကိုသိမှာပေါ့။ ကိုယ့်ရဲ့မိဘဆွေမျိုးကို သိမှာ ပေါ့ကလေးရဲ့”ကျနော်က တတွတ်တွတ်ရေရွတ် ပြောပြနေပေမယ့် သူမသွားပါ။ စူးစမ်းတဲ့အကြည့်နဲ့တော့ ကြည့်နေလေရဲ့။ အဲဒီလိုဘဲ အခြား ခိုတွေကလည်း သူ့ကိုစူးစမ်းတဲ့အကြည့်တွေနဲ့ ပြန်ကြည့်နေတာကို ကျနော်တို့ သတိထားမိခဲ့ကြတယ်။ ခိုတွေကြားထဲ မှာလည်း သူတို့အချင်းချင်းမေးခွန်းတွေ မေးရင်းတွတ်ထိုးနေကြတာနေမယ်ထင်ပါတယ်။
‘ဒီကောင်မ ခိုဖြစ်ပြီး လူတွေနဲ့ဘာလို့နေနေတာလဲမသိဘူး။ လူဆိုတာက ငါတို့ရဲ့ အသားကိုစားဖို့ အမြဲñကိုးစား နေတာ။ဲဒီလိုလူတွေနဲ့ အတူတူနေနေတဲ့ ခိုမကို ယုံလို့ ရမယ်မထင်ဘူး။ သူ့ကိုငါတို့ဆီ အလာခံလို့ မဖြစ်နိုင်ဘူး’ အစရှိသဖြင့်ဆွေးနွေးဝေဖန် နေကြမှာပေါ့။ သူတို့ထဲက အကောင်းမြင်တတ်တဲ့ခိုအချို့ကလည်း “အရမ်းတော့သိမ်းကြုံး မပြောပါနဲ့လေ။ လူတွေထဲမှာလည်း ကောင်းတဲ့လူတွေရှိသလို၊ ဆိုးတဲ့လူတွေလည်း ရှိတာပါဘဲ၊ ငါတို့ကိုပစ်ခတ် မစားသောက်ဘဲ ငါတို့စားဖို့ အစားကျွေးနေတဲ့လူတွေ လည်းရှိနေတာပါဘဲ။ ဒါကြောင့်လည်း ငါတို့ဒီမှာအန္တရာယ်ကင်းကင်းနဲ့
နေထိုင်စား သောက်နေကြရတာ မဟုတ်လား” လို့ ပြန်ပြောနေကြတယ် ထင်ပါရဲ့æ
သူတို့အချင်းချင်း အမြင်ဖလှယ်နေကြစဉ်ကာလမှာ ကျနော်တို့သမီးလေးကို သူတို့ အသိုင်းအဝိုင်းထဲ အဝင်မခံသေးကြပေမဲ့ ရန်မရှာကြပါဘူး။ ကျနော့်ရင်ထဲမှာတော့ ဒီအခြေအနေလေး ကို အတော်လေး ကျေနပ်နေမိတယ်။ ငါတို့ အဆင့်တခုတော့ ရောက်နေပြီ။ မကြာခင် ငါတို့သမီးလေး သူ့ဆွေသူ့မျိုးတွေကြားထဲမှာ ပျော်ပျော် ရွင်ရွင်နေနိုင်တော့မယ်။
ဒီလိုနဲ့ရက်အနည်းငယ်ကြာတော့ ကျနော်တို့သမီးလေးကြောင့် သူတို့မှာအန္တရာယ် မရှိနိုင်ဘူး ဆိုတဲ့အသိက ခိုအသိုင်း အဝိုင်းကြားကို ရောက်ရှိသွားပါတော့တယ်။ ယုံကြည်မူ တည်ဆောက်တဲ့အဆင့် ပြီးသွားခဲ့ပြီပေါ့။
သမီးလေးကလည်း ခိုတွေနားကို တဖြည်းဖြည်းနဲ့ ကပ်ရဲသွားတယ်။ ခိုတွေကလည်း သူ့ကိုနေရာပေးရဲလာတယ်။ ဘာသာစကားချင်းကလည်းတူလို့ထင်ပါရဲ့။ တသားတည်း ဖြစ်သွား ကြတယ်။ ဒါပေမဲ့ အခြားခိုတွေအစာစားပြီး အခြားနေရာကို ထွက်သွားရင် သမီးလေးက လိုက်သွားလေ့ မရှိဘဲ ကျနော်တို့အခန်းထဲကို ပြန်လာလေ့ရှိတယ်။ ညဆိုရင်လည်း ကျနော်တို့နဲ့ဘဲ အိပ်တယ်။ တကယ်တော့ အဲဒါကို ကျနော် အလိုချင်ဆုံးပါဘဲ။
ဒါပေမဲ့ သဘာဝတရားဆိုတာ တားမရပါဘူး။ ဒီလိုနဲ့နေနေကြရင်း သမီးကလည်း အပျိုပေါက်ဖြစ်လာခဲ့ပြီပေါ့။ တနေ့တော့ ခိုအုပ်လေးထဲမှာ ကျနော့်သမီးက ထူးထူးခြားခြား ခိုထီးလေးတစ်ကောင်နဲ့တွဲနေတာကို ကျနော်သတိထားမိတယ်။ သူတို့ တပူးတွဲတွဲရှိနေတာ မြင်ရတာနဲ့တင် ကျနော်ကတော်တော်ဒေါသ ထွက်နေပြီ။ ဒါ့ကြောင့်ကျနော်က ဝတုတ်ကို စိတ်ဆိုး မန်ဆိုးနဲ့ ပြောလိုက်မိတော့တယ်။
“ဝတုတ် ဟိုမှာကြည့်စမ်း၊ ဟိုကောင်ငါတို့သမီးကိုရည်းစားစကားလိုက်ပြောနေတယ် ထင်တယ်၊ ဟိုကောင်မကလည်း ပြန်óကိက်နေပုံရတယ်ကွ။ အရွယ်က မရောက်သေးဘူး။ ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်မရပ်နိုင်သေးဖူး။ လင်ကလိုချင် နေပြီ။ အခုခေတ်ကလေးတွေများ တော်တော်ခက်တယ်ကွာ။ ပြန်လာရင်တော့တွေ့မယ်။ နောက် နေ့ကျရင် အပြင်ကို ပေးမ ထွက်တော့ဘူး”
ဒီလိုနဲ့ နောက်တနေ့မှာ ကျနော်က သူ့ကို အပြင်ပေးမထွက်တော့ဘဲ တံခါးတွေကို အသေပိတ်ထားလိုက်တယ်။ ရုပ်ရှင်တွေထဲက ခတ်နောက်ကျတဲ့ အဖေ တွေရဲ့ အမူအယာအတိုင်း သရုပ်ဆောင်ရင်း ဒီနေ့ကစပြီး သမီးအပြင်မထွက်ရဖူး၊ ဘယ်သူမှတံခါးဖွင့်မပေးရဆိုပြီး တချက်လွတ်အမိန့်ထုတ်လိုက်ပါတယ်။ အစာနဲ့ရေကို လည်းအခန်းထဲမှာဘဲကျွေးပါတယ်။ ဒါပေမဲ့ သမီးကအာဂခိုမပါ၊ အစာမစားဖူးဗျ။ ရေလည်းမသောက်ဖူး။ အစာငတ်ခံဆန္ဒပြတော့တာဘဲ။ ကျနော်လည်းဘာလုပ်ရမှန်း မသိကို ဖြစ်သွားတော့တယ်။
ဒီကြားထဲသူ့ချစ်သူကလည်း အပြင်ကနေ ဘာသာဘာဝ ဖိုသံလာပေးတာပေါ့။ သူကလည်း အပြင်ထွက်ဖို့ အတင်းñကိုးစား၊ ကျနော်ကလည်း ဟန့်တားနဲ့ သုံးပွင့်ဆိုင် အချစ်ပြဇာတ် တစ်ပုဒ် ကနေရသလိုဖြစ်နေခဲ့တယ်။ သုံးပွင့်ဆိုင်ဆို ပေမဲ့ ၅၂၈ နဲ့ ၁၅ဝဝကြားကအားပြိုင်မှုဆိုတော့ အတော်စိတ်ဝင်စားစရာကောင်းနေတာပေါ့။
နောက်ဆုံးတော့ မိဘကပဲအလျော့ပေးရတာဘဲ။ ကိုယ့်သမီးစိတ်ဆင်းရဲ၊ဒုက္ခ ရောက်နေတာကို မကြည့်ရက်ဘူးလေ။ ညနေစောင်းမှာတော့ ကျနော်က တံခါးဖွင့်ပေးလိုက်တယ်။ တံခါးဖွင့်ပေး လိုက်တယ်ဆိုတာနဲ့ နောက်ကိုမကြည့်တော့ဘဲ ထွက် သွားတော့တာဘဲ။ ဒါပေမယ့်တော်ပါသေးရဲ့၊ ညကျတော့အိမ်ပြန်လာတယ်လေ။
နောက်နေ့တွေမှာတော့ ပုံမှန်ပါဘဲ။ မနက်ဆိုထွက်သွား။ ညနေဆိုရင်ပြန်လာ။ တနေ့တော့ကျနော်တို့သမီးလေးဟာ အခြားခိုတွေနဲ့အတူတူ ကျနော်တို့ မျက်နှာချင်းဆိုင် နှစ်ထပ်တိုက်ရဲ့ခေါင်မိုးပေါ်မှာ ပျော်ရွင်နေတာတွေ့ရတယ်။ အဲဒီအချိန်မှာ မိုးတွေအုံ့ပြီး သည်းကြီးမည်းကြီး ရွာတော့မဲ့ပုံပေါ်နေတယ်။ ကျနော့်ရင်ထဲမှာတော့ စိုးရိမ်နေလိုက်တာ။ မိုးရွာရင် သမီးလေး ဘယ်လိုလုပ်မလဲ၊ မိုးလွတ်ရာခိုတတ်ပါ့မလား စိုးရိမ်စိတ်တွေနဲ့ ပူလောင်လို့။ သူကတော့ ဒါတွေကိုတွေးနေမှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာကို သူသိမှသိပါ့မလား။ ဒါပေမဲ့သူ့ကောင်လေးကတော့ အတွေ့အñကံရှိတာဘဲလေ၊ မိုးလွတ်ရာကို ခေါ်သွားမှာပေါ့လို့ ဖြေတွေးတွေးနေတုံးမှာဘဲ အခြားခိုလေးတွေက မိုးလွတ်ရာဖက်ကို ပျံထွက်သွားကြပါတော့တယ်။ သမီးလေး ကတော့ မိုးးလွတ်ရာကို သွားရမယ်ဆိုတာကို နားမလည်ဘဲ ခေါင်မိုးပေါ်မှာ ရပ်မြဲဆက်ရပ်နေပါတယ်။ မကြာခင်မှာ မိုးက သည်းကြီးမည်းကြီးကိုရွာပါတော့တယ်။ ကျနော်တို့က လည်း အခန်းအပြင်ကိုမထွက်နိုင်တော့ အခန်းထဲကနေဘဲ ‘သမီးရေ ပြန်လာခဲ့ ပြန်လာခဲ့’ လို့ အော်ခေါ်နေပေမဲ့ သူကမကြားဘဲဆက်ရပ်နေပါတယ်။
မိုးတိတ်သွားပြီးတဲ့အခါကျတော့မှ သမီးလေးကခေါင်မိုးကနေ ပြန်ဆင်းလာပြီး အခန်းထဲကို တလှမ်းချင်းလျှောက်လာပါတယ်။ ကျနော်တို့ကလည်းစိုးရိမ်တကြီး ဆီးကြိုကြရတာပေါ့။ “ဟင် ဒုက္ခရောက်မှမိဘဆီပြန်လာတယ်။ ပြီးရင် ပြန်ထွက်သွားအုံးမှာ မဟုတ်လား” လို့ ဗျစ်တောက် ဗျစ်တောက် ပြောနေရင်း နဲ့ဘဲ ရေသုတ်ပေးနေမိပါတယ်။
မိုးလုံးဝတိတ်သွားပြီး အခြားခိုတွေလည်း ကျနော်တို့တိုက်ရှေ့နားကို အစာလာပြန်စားတဲ့ အခါမှာတော့ သမီးက အဲဒီခိုလေးတွေဆီကို ပြန်ရောက်သွားပြန်ပါတယ်။နောက်တနေ့မှာတော့ ထုံးစံအတိုင်း မနက်ဖက်ထွက်သွားပြီး ညနေပြန် ရောက်လာမယ်ထင်ပေမဲ့ ပြန်ရောက်လာ နေကျအချိန်မှာ ပြန်ရောက်မလာတော့ပါဘူး။ သမီးလေး တော့ ငါတို့ကိုခွဲသွားပြီဆိုတဲ့သောကက ကျနော်တို့ကို အိပ်မရဖြစ်စေ ခဲ့ပါတယ်။ နောက်နေ့ တွေမှာသမီးက တရက်ခြားပြန်လာတယ်။ တရက်ခြားသော်ငြားလည်း သမီးကိုမြင်တွေ့ခွင့် နေရသေးတာ ကိုပဲ ကျနော်တို့ ကျေနပ်ပျော်ရွှင်နေမိပါတယ်။ တဖြည်းဖြည်းနဲ့ နှစ်ရက်ခြား။ နောက်တော့သုံးရက်ခြားမှ ရောက်ရောက်လာ တော့တယ်။ ဒီလိုနဲ့ခြားတဲ့ရက်တွေများလာရင်းကနေ သမီးလေးကို လုံးဝ မတွေ့ရတော့ပါဘူး။
ကျနော်တို့သမီးလေးကိုလွမ်းပါတယ်။ သမီးနဲ့ ကယုကယ ပျော်ရွှင်ခဲ့တဲ့အချိန်တွေဟာ ကျနော်တို့ဘဝရဲ့ အရေးပါတဲ့ အချိန်တွေဖြစ်ခဲ့ပါတယ်။ သမီးရဲ့ချောမွတ်မွတ် ငှက်တောင်မွေးလေးတွေကို ပွတ်သပ်ရင်း သမီးကိုချော့မြူချင်ပါသေးတယ်။သမီးကတော့ ကျနော်တို့ရဲ့အလွမ်းတွေ၊ ကျနော်တို့ရဲ့ ဆန္ဒတွေကို သိနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့မိုးကောင်းကင်မှာ ပျော်ပျော်ရွင်ရွင်ပျံသန်းနေမယ့် သမီးလေး အကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့ လူ ၃ ယောက်ကတော့ သမီးခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေး ထဲမှာပဲ ရှိနေပါသေးတယ်။ပျံသန်းနေတဲ့ခိုကလေးတွေကိုတွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့ လိုက်ရှာကြည့်နေရင်း သူတို့လည်း သူတို့သမီးလေးလို လိုရာပျံသန်း ခွင့်ရနိုင်မယ့် ရက် ကို ဆက်စောင့်နေကြလေရဲ့။
ဘိုကြည်
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment