Thursday, June 16, 2011
တန်ဘိုးရှိတော့လဲ ရွှေပေါ့
အခန်း (၁)
စစ်ကြောရေးစခန်းက ပေးလိုက်တဲ့ ဒဏ်ရာတွေ၊ နာကျင်မှုတွေနဲ့ စိတ်သောကရောက်နေချိန်မှာ အပေါ်ထပ်က ဆင်းလာတဲ့ လူအုပ်ကြီး ကြောင့် ဘာတွေလဲ စူးစမ်းချင်စိတ်က သောကကို ခဏ အနားပေးလိုက်ပါတယ်။ ဘာသာစကားတစ်မျိုးကို ဆူညံစွာ ပြောဆိုရင်း လူအုပ် ကြီးဟာ ရေကန်ဆီ ဦးတည်ပြီး သွားနေကြပါတယ်။ အခန်းရှေ့က ဖြတ်သွားသူတိုင်းက ကျွန်တော့်အခန်းကို လှည့်ကြည့်သွားကြပါ တယ်။ မြင်နေကျလူ မဟုတ်တော့ စူးစမ်းတဲ့ အကြည့်တွေက ကျွန်တော့်အခန်းကို ကျရောက်စေပါတယ်။ ဒီလိုနဲ့ လူအုပ်ကြီးအားလုံးဟာ ကျွန်တော်တို့ အခန်းနဲ့ အတန်ငယ်လှမ်းတဲ့ နေရာကို ရောက်ရှိသွားတယ်။ ဆယ်ပေ၊ ဆယ့်နှစ်ပေခန့်ရှိ အခန်းကျဉ်းလေးထဲ လူးလာတုံ့ ခေါက် လျှောက်ရင်း နေရာသစ်ရဲ့ အခင်းကျင်းသစ်ကို မျက်စေ့၊ နား၊ စိတ်တို့ကို ဖွင့်ပြီး စူးစမ်းနေမိတယ်။ တိတ်ဆိတ်စပြုလာတဲ့ ပတ်ဝန်း ကျင်မှာ ဘာတွေများ ရောက်လာမလဲ ဆိုတဲ့ စိတ်ကလဲ ရင်ထဲကို ဝင်ရောက်လာပြန်ပါတယ်။
“ ပိုင်ရှင် မရှိသေးတဲ့ ဆေးလိပ်တို့ ပိုင်ရှင် ဒို့ ဖြစ်လိုက်ချင်ပါတယ် ”
ငံ့လင့်နေတဲ့ စိတ်အိမ်ထဲကို ထူးဆန်းတဲ့ သီချင်းသံဟာ နားပြတင်းပေါက်ကတဆင့် ဝင်ရောက် လာပါတယ်။ သူ့သီချင်းသံက အတွေးကို သာမက သောကကိုပါ ဇတ်ကြိုး စောင့်ဆွဲလိုက်သလိုပါပဲ။ ဒဏ်ရာနဲ့ နာကျင်မှုကြောင့် သောကတွေ လိမ်းကျံထားတဲ့ မျက်နှာမှာ သူ့သီချင်းသံက ရက်အတန်ကြာ ပျောက်ဆုံးနေတဲ့ အပြုံးတစ်ပွင့်ကို မထင်မှတ်ဘဲ လင်းလက်ဖို့ ခလုတ်နှိပ်ပေးလိုက်သလိုပါပဲ။ ဒုတ်တစ်ချောင်းနဲ့ အမှိုက်ပုံကို မွှေနှောက်ရင်း အခန်းတွေရဲ့ အပြင်ဘက်မှာ သူဟာ သီချင်းဆိုရင်း အလုပ်ရှုပ်နေတယ်။ ကျွန်တော့် အခန်းရှေ့အရောက်မှာ သူ့သီချင်းသံဟာ တိတ်သွားသလို သူ့ခြေလှမ်းတွေဟာလဲ ရပ်သွားပါတယ်။ သူ့အကြည့်တွေကလည်း ကျွန်တော့် အခန်းဆီ ကျရောက်လို့ လာပြန်တယ်။ အခန်းနားကို တိုးကပ်လာပြီး သံတိုင်အပြင်ဘက်က ရပ်လို့ အတွင်းထဲက ကျွန်တော့် ကို သူက ပြုံးပြတယ်။
“ အစ်ကို ညက ရောက်တာလား၊ ဒီမှာ အစ်ကိုတို့လို ဂေါ်တွေ အများကြီးပဲ”
သူက ရင်းနှီးတဲ့ လေသံနဲ့ နှုတ်ဆက်ရင်း ကျွန်တော့်ကို စကားပြောလာတယ်။ ကျွန်တော်ကလဲ
“ ဟုတ်ကဲ့၊ ကျွန်တော် ညက ရောက်တယ်၊ ဒါနဲ့ အစ်ကိုပြောတဲ့ ဂေါ်ဆိုတာ ဘာလဲ ”
သူပြောတဲ့ စကားထဲက ကျွန်တော် နားမလည်တဲ့ ဂေါ်ဆိုတဲ့ ဝေါဟာရကို မေးလိုက်မိတယ်။ သူက ပြုံးပြီး
“ ဒီလို ကိုရဲ့ အစ်ကိုတို့လို နိုင်ငံရေးမှုနဲ့ ရောက်လာတဲ့သူတွေကို အဆောင်က လူတွေက ဂေါ်နိုက်တွေလို့ ခေါ်ကြတယ်၊ ကျွန်တော် ကြားဖူးသလို ပြောပြမယ်နော်၊ ဂေါ်ဆိုတာက တရုတ်လို ငါးဂဏန်းကို ခေါ်တာတဲ့ နိုက်ဆိုတာက အင်္ဂလိပ်လို ညကို ခေါ်တာ၊ နှစ်ခုပေါင်းလိုက်တော့ ငါးညပေါ့အစ်ကိုရာ၊ ကျွန်တော်တို့က ဂေါ်နိုက်လို့ မခေါ်တော့ဘဲ ဂေါ်လို့ အတိုကောက် ခေါ်လိုက်တာ ”
သူရှင်းပြမှပဲ ကျွန်တော်တို့လို နိုင်ငံရေး အကျဉ်းသားတွေအတွက် အဆောင်နေသူတွေက ပေးထားတဲ့ နာမည်အသစ်ကို သဘောကျ နေမိတယ်။
“ အစ်ကို လူသစ်ဆိုတော့ ဘာမှ ပါလာမှာ မဟုတ်ဘူးနော်၊ ကျွန်တော် ဘာရှာပေးရမလဲ၊ လိုတာ ကျွန်တော့်ကို ပြောပါ။ တတ်နိုင်သလောက် ကျွန်တော် ကြိုးစားရှာ ပေးပါ့မယ် ”
စတွေ့တွေ့ချင်း ကူညီပေးလိုသော မေတ္တာစိတ်နဲ့ ပြောလာတဲ့ သူ့စကားသံတွေကြောင့် စိတ်ထဲကနေ သူ့ကို ခင်မင်သွားမိတယ်။
“ ညီလေးက ဆေးလိပ်တို လိုက်ရှာနေတာလား၊ အဲဒီ အတိုတွေက ဘာလုပ်ဖို့လဲ၊ ရောဂါရမယ်၊ အမှိုက်ပုံထဲက ဆေးလိပ်တို ကို မသောက်ပါနဲ့လား၊ အစ်ကိုလဲ ဆေးလိပ် ကြိုက်ပါတယ်၊ ဘေးအခန်းတွေက အစ်ကို့ ရဲဘော်တွေ ပေးထားတဲ့ ဆေးလိပ်နှစ်လိပ် ရှိတယ်၊ ရော့ ညီလေး တစ်လိပ်သောက်၊ မီးသွားညှိလိုက်၊ အစ်ကို ဆေးလိပ်သောက်ချင်နေတာ ကြာပြီ၊ မီးဘယ်က ရမယ်မှန်း မသိလို့ ဆေးလိပ်သောက်ချင်စိတ်ကို အတင်းအောင့်ထားရတယ် ”
ကျွန်တော်က ဆေးလိပ်တစ်လိပ်ကို ကမ်းပေးရင်း သံတိုင်အပြင်ဘက်ရှိ သူ့ကို မီးတို့ခိုင်းလိုက်တယ်။
“ အစ်ကိုရေ ဆေးလိပ် ဖင်ဆီခံကို အထင်မသေးနဲ့နော်၊ အစ်ကိုတို့လို ဂေါ်တွေက ကျွန်တော့်ကို ရှာခိုင်းထားတာ၊ သူတို့လဲ သောက်ဖို့ မဟုတ်ဘူး၊ အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်တာတဲ့ အစ်ကိုရေ၊ တန်ဖိုးရှိတယ် ဆိုပဲဗျ ”
ကျွန်တော့်စိတ်ထဲ သူပြောပြတဲ့ ထူးဆန်းတဲ့ စကားတွေကို နားထောင်ရင်း အခန်းကျဉ်းလေးထဲ အတွေးပွားနေမိတယ်။ သူက မီးညှိရန် ထွက်သွားတော့ သူပြောတဲ့ ဆေးလိပ်တိုရဲ့ တန်ဖိုးကို တွေးတောနေမိတယ်။
“ ဒီလောက်တောင် ဘာတွေများ အသုံးဝင်နေပါလိမ့် ”
အခန်း (၂)
ကျွန်တော်တို့က ၁၅ မိနစ်လောက်ပဲ အပြင်ထွက်ရတယ်။ သူတို့ကတော့ တစ်နေကုန် အပြင်မှာ နေခွင့်ရတယ်။ ကျွန်တော်တို့ အခန်းတွေရှေ့ သန့်ရှင်းရေး၊ ရေအိုးတွေ ရေဖြည့်၊ ကျွန်တော်တို့ လိုတာ ကူညီဖို့အတွက် အမြဲတမ်း ရှိနေတယ်။ ကျွန်တော်တို့ကို သူတို့က ဂေါ်တွေလို့ခေါ်ပြီး ကျွန်တော်တို့က သူတို့ကို အမြဲဆင်းတွေလို့ ခေါ်တယ်။ အခန်းတိုင်းနဲ့ သူက ရင်းနှီးပြီးတော့ အခန်းထဲက လူတွေ ကိစ္စကိုလဲ မညည်းမညူ လုပ်ပေးတယ်။ အားတိုင်း သူ ကျွန်တော့်အခန်း အပြင်ဘက်က အုတ်ခုံမှာ ထိုင်ပြီး အတွင်းထဲက ကျွန်တော်နဲ့ စကား တွေ လာပြောတယ်။
“ မီးခြစ်မရှိတော့ ညခင်း ဆေးလိပ်သောက်ချင်ရင် တော်တော် ဒုက္ခရောက်တယ် ”
ကျွန်တော်က ဆေးလိပ်တစ်တိုကို နှစ်ယောက်သောက်ရင်း ညခင်း ဒုက္ခကို ပြောပြနေမိတယ်။ သူ့လက်ထဲမှာ အမှိုက်ပုံပေါင်းစုံက ကောက်ယူထားတဲ့ ဆေးလိပ်တိုတွေကို ကျွတ်ကျွတ်အိတ် အသေးလေးထဲ စုထည့်ပြီး ကိုင်ထားတယ်။
“ ကျွန်တော် စဉ်းစားပါဦးမယ် အစ်ကိုရာ၊ လူကြံရင် အားလုံးဖြစ်ပါတယ်။ ”
“ မင်းမှာလဲ ဒီဆေးလိပ်တိုတွေနဲ့ေ တ်ာတော် အလုပ်ရှုပ်မယ်နော်၊ ဘာများ အသုံးဝင်
လို့လဲ”
သူက ရယ်နေတယ်။ ဆေးလိပ်တိုထုပ်ကို မြှောက်ပြရင်း
“ အဖိုးတန်တွေ အစ်ကိုရ၊ အဖိုးတန်တွေ၊ အစ်ကို ပြောတာ ရမယ်နော်၊ ခဏစောင့် ”
မောင်ဦးရေလို့ ကျွန်တော့်လိုနေတဲ့ အခန်းထဲက အသံတစ်သံကြောင့် သူက စကားကို ဆုံးအောင် မပြောဘဲ မတ်တပ်ရပ်လိုက်တယ်။ ကျွန်တော့်အတွက် ဆေးလိပ်တစ်လိပ်လောက် ရှာခိုင်းတာကိုလဲ အစ်ကိုပြောတာ ရမယ်လို့ ပြောပြီး သူထွက်သွားတယ်။
အခန်း (၃)
ကျွန်တော် တအံ့တသြ ကြည့်နေမိတယ်။ သူကမ်းပေးတဲ့ ပလတ်စတစ်အိတ်ထဲမှာ လက်လေးလုံး ခန့်သာ ရှိတဲ့ စက္ကူလေးတွေ။
“ ဘာတွေလဲ ညီလေးရ ”
ကျွန်တော်က မေးလိုက်တော့ အိတ်ကလေးကို လက်ညှိုးထိုးပြီး
“ အစ်ကို တစ်ရွက်ချင်း ကြည့်လိုက်လေ၊ အစ်ကို မေးနေတဲ့ ဆေးလိပ်တိုတွေလေ ”
ဆေးလိပ်ဖင်စီခံမှာ ကပ်ထားတဲ့ သတင်းစာ စက္ကူအပိုင်းလေးတွေ၊ ကျွန်တော်က တအံ့တသြနဲ့ ထူးဆန်းစွာ ငေးမောကြည့်နေတုန်းမှာ ၁၅ မိနစ်ဆင်းရပေမဲ့ သူ့ကိစ္စကို အမြန် ဆောင်ရွက်လို့ ပြီးသွားတဲ့ ဘိုးတော်က ကျွန်တော့်အခန်းရှေ့ လာရပ်တယ်။
“ ပြီးသွားရင် ကျွန်တော့်အခန်းထဲ ပို့ပေးနော် ”
ကျွန်တော့်လက်ထဲက အစီခံပတ် သတင်းစာ အပိုင်းလေးတွေကို မေးငေါ့ပြရင်း ဘိုးတော်က စကားဆိုလာတယ်။ ရောက်ခါစ လူသစ်ဖြစ် တဲ့ ကျွန်တော်က ထူးထူးဆန်းဆန်း နားမလည်နိုင်တဲ့ အသွင်နဲ့ သူ့ကို ကြည့်လိုက်တော့ သူက
“ ဒီလိုရှိတယ် ကိုစိုးရ၊ ကျွန်တော်တို့ကို ဘယ်ကမှ သတင်းတွေ မရအောင် ဒီကောင်တွေက နည်းမျိုးစုံနဲ့ ပိတ်ထားကြတယ်၊ ဘယ်လိုပဲ ပိတ်ပိတ်၊ လူတွေပဲဗျာ၊ ရှာကြံရင် နည်းလမ်းကတော့ တစ်ခုမဟုတ် တစ်ခု တွေ့တာပဲ၊ အဲဒီ သတင်းစာ အတိုလေးတွေထဲမှာ ကိုယ်သိချင်တဲ့ သတင်းတိုလေးတွေ၊ နာရေးတွေ အစုံပါတယ်။ ကျုပ်တို့ သိချင်တာ တစ်ခုမဟုတ် တစ်ခုတော့ ပါလာတာပဲ။ သတင်းရဖို့ အတွက် ဆေးလိပ်ဖင်စီခံကလဲ သတင်းဝင်ပေါက် တစ်ခုပဲ။ ”
လူသားတွေရဲ့ ရှာကြံမှု၊ တွေးတောမှုတွေနဲ့ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့တာပဲလေ။ ဒီအခက်အခဲတွေကို နောက်မှာ ချန်ခဲ့ပြီး အသစ် အသစ်တွေနဲ့ လူ့လောကကြီးက တိုးတက်ခဲ့တာမဟုတ်လား။ ဘာမဟုတ်တဲ့ တားဆီးကန့်သတ်မှုတွေကို ကျွန်တော်တို့ ရှေ့ကလူတွေ ကျော်ဖြတ်နိုင်ခဲ့ပြီ။ အခုတော့ မောင်ဦး တပင်တပမ်း ရှာဖွေနေတဲ့ ဆေးလိပ်တိုတွေဟာ ကျွန်တော်တို့ အားလုံး ဆာလောင်ငတ်မွတ် နေတဲ့ သတင်းတွေကို ပေးနေပါလား။
အခန်း (၄)
“ အစ်ကို၊ ညခင်းအတွက် ဘာမှ စိတ်ပျက်စရာ မရှိတော့ဘူး ”
ဝမ်းသာအားရ အမူအရာနဲ့ အပြေးအလွှား ရောက်လာတဲ့ မောင်ဦးရဲ့ လက်ထဲမှာ ပစ္စည်းတစ်ခု ကိုင်လာတယ်။ သူ စိတ်ပျက်စရာ မရှိတော့ဘူးလို့ ပြောနေတဲ့ အရာက သူ့လက်ထဲက ပစ္စည်းနဲ့ ဆိုင်နေပုံ ရတယ်။
“ ဘာလဲကွ ” လို့ ကျွန်တော်က မေးတော့ သူက သူ့လက်ထဲက ပစ္စည်းကို ထုတ်ပြပြီး ဝမ်းသာအားရတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို
“ အစ်ကို အဆင်ပြေပြီ ”
သူ ဝမ်းသာပြီး ပြောနေပေမဲ့ ကျွန်တော် နားမလည် နိုင်အောင် ဖြစ်နေတယ်။ သူ့လက်ထဲက ပစ္စည်းကလဲ ဘာမှ ထူးထူးဆန်းဆန်းမဟုတ် သွားတိုက်တံ တစ်ချောင်းမျှသာ ဖြစ်တယ်။ သူက ဘာတွေများ အဆင်ပြေအောင် လုပ်ပေးမှာပါလိမ့်။ ကျွန်တော့်မှာ ပိုပြီး ဇဝေဇဝါ ဖြစ်သွားရတယ်။
“ ဒီလို အစ်ကိုရ၊ ဒီမှာ တွေ့လား၊ သွားပွတ်တံမှာ မြှုပ်ထားတာ ရွှေဗျ ရွှေ ”
ကျွန်တော် သေချာ ကြည့်လိုက်တော့ မီးခြစ်ကျောက်ကို သွားပွတ်တံ အရိုးမှာ မြှုပ်ထားတာ တွေ့ရတယ်။ သူက အသင့်ယူလာတဲ့ ဘရိတ်ဒါးလေးနဲ့ အဲဒီ မီးခြစ်ကျောက်ကို ခတ်ပြတယ်။ ကျွန်တော့်ကိုလဲ တွေ့လား အစ်ကို ဆိုတဲ့ အကြည့်နဲ့ ကြည့်ရင်း ပြုံးပြတယ်။ ပြီးတော့ ပလတ်စတစ်အိတ်ထဲက စွပ်ကျယ်အင်္ကျီစ တစ်စကိုလဲ ထုတ်လိုက်တယ်။ ငှားလာတဲ့ မီးခြစ်နဲ့ စွပ်ကျယ်အင်္ကျီစကို မီးရှို့ တယ်။ အားလုံး မီးလောင်သွားတော့ ပလတ်စတစ်ခွက်နဲ့ မီးတောက်ကို အုပ်ချလိုက်တယ်။ ပြီးတော့ သူက ကျွန်တော့်ကို ပြုံးပြနေပြန် တယ်။ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ သူ့ကိုကြည့်နေမိတယ်။
“ ဒီ စွပ်ကျယ်အင်္ကျီအစကို မီးရှို့ထားတဲ့ ပြာစတွေက အရေးကြီးတယ်။ ပရုတ်ဆီဗူး အခွံထဲကို ပြာစတွေ ထည့်ရမယ်။ ဒီမှာကြည့် ”
သူက မီးရှို့ပြီး ခွက်နဲ့ အုပ်ထားတဲ့ အထဲက ပြာတွေကို ယူပြီး ပရုတ်ဆီ ဗူးခွံ အဟောင်းထဲ ထည့်ပေးတယ်။ သွားတိုက် ဆေးတံလေးကို အသာကိုင်ပြီး ဘရိတ်ဒါးနဲ့ ခတ်တယ်။ အောက်က ပြာခွက်လေးကို ခံထားတယ်။ ပွင့်ထွက်လာတဲ့ မီးဖွားတွေဟာ ပြာစ မှာ သွားကပ်တယ်။ ရဲခနဲ ဖြစ်သွားတဲ့ ပြာစမှာ ဆေးလိပ်တိုကို ထိုးစိုက်ပြီး အမိအရ ဖွာလိုက်တယ်။ သူ အားရပါးရ ရှိုက်လိုက်တဲ့ အဆုံး မှာ သူ့နှာခေါင်းထဲက မီးခိုးတွေဟာ အလိပ်လိုက် ထွက်လာတယ်။ ကျွန်တော်လဲ ဝမ်းသာအံ့သြစွာနဲ့ သူ့ကိုကျေးဇူးတင် နေမိတော့တယ်။
“ ကျေးဇူးပဲ ညီလေးရာ ”
ကျွန်တော် တကယ့် ရင်ထဲက လာတဲ့ အသံနဲ့ သူ့ကို ကျေးဇူးတင်စကား ဆိုမိတယ်။ သူက
“ အစ်ကိုတို့ ကျေးဇူးတွေက ကျွန်တော့်အပေါ် အများကြီး၊ ကျွန်တော်လိုတာ အားလုံး အစ်ကိုတို့ ဘယ်အခန်းကို သွားပြောပြော လုပ်ပေးလိုက်တာချည်းပဲ၊ ကျွန်တော့်အိမ်က လာနိုင်တာ မဟုတ်ဘူး၊ ကျွန်တော့် စားရေးသောက်ရေး အားလုံး အစ်ကိုတို့ ရှိနေလို့၊ ကျွန်တော်ပြန်လုပ်ပေးရတာက ဘာမှ မဖြစ်လောက်ပါဘူး အစ်ကိုရာ ”
အခန်း (၅)
ကမBာဦးက မီးကို စတင် တွေ့ရှိပြီးနောက် လူသားယဉ်ကျေးမှု တစ်ရပ်ဟာ အချိုးအကွေ့ တစ်ခုသို့ ရောက်ရှိလာတယ်လို့ ဆိုတယ်။ အခု မီးကို ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီး နိုင်မှု၊ နောက် ကျွန်တော်တို့ နေထိုင်မှု ဘဝထဲသို့ အဆင်ပြေမှုများစွာ ရောက်ရှိလာ ပါတယ်။ အဝတ်စတွေကို တစ်ထပ်၊ ပလတ်စတစ် တစ်ထပ်ထပ်ပြီး လိပ်ထားတဲ့ အလိပ်ကလေးကို မောင်ဦးက ယူလာတယ်။
“ အစ်ကို လုပ်ငန်းစမယ် ”
၁၅ မိနစ် ဆင်းခါနီးမှာ သူရောက်လာတယ်။ အုတ်နီခဲ နှစ်ခဲကိုလဲ အခန်းထဲကို သွင်းလိုက်တယ်။ သူက ကျွန်တော်တို့ကို လိုအပ်တာတွေ ကူညီနေရတာကိုပဲ ကျေးဇူးဆပ်နေတာလို့ ကျေကျေနပ်နပ်ကြီး ခံယူထားတာ။ ကျွန်တော်တို့ အားလုံးကလဲ သူ့ကို စေတနာရှိရှိ ပေးကမ်းကြတယ်။ ထောင်ထဲရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အိမ်က ပါဆယ် ပစ္စည်းတွေရတော့ ကျွန်တော့်အတွက် အခက်အခဲ သိပ်မရှိလှဘူး။ သူ့နဲ့ပါ မျှပြီး စားကြတော့ သူက ကျေးဇူးတင်မဆုံးအောင် ရှိနေတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေကိုလဲ တစ်နေရာရာက ရအောင် ရှာကြံပေးတတ်တယ်။ ကျွန်တော့် အခန်းတံခါးကို သူက ဖွင့်လိုက်တယ်။
ဝန်ထမ်းက သူလုပ်ရမယ့် အလုပ်ကို မောင်ဦးတို့လို အမြဲဆင်းတွေကို ခိုင်းထားတယ်။ အခု မောင်ဦးက ကျွန်တော့်အခန်းကို ဖွင့်ပြီး အထဲကို ဝင်တယ်။ အဝတ်စတွေကို စုပုံပြီး ဆေးလိပ်မီးကို ခပ်နာနာဖွာတယ်။ အဝတ်စတွေမှာ မီးဖွားတွေ ကျသွားတော့ ဖျာစလေးတွေနဲ့ ချိုးပြီးအုံထားတယ်။ မီးဖွားကို မသေအောင် ပါးစပ်ကလဲ အဆက်မပြတ် မှုတ်ပေးနေတယ်။ သူ့ကိုကြည့်ပြီး ကျွန်တော် မောနေတယ်။ မီးတောက်ကလေးနဲနဲ အရမှာ လက်တစ်ဆစ်လောက် ဖယောင်းတိုင်တိုလေးနဲ့ မီးတောက်ကလေးကို အရယူလိုက်တယ်။ ပြီးတော့ အသက်ကို အဝရှူပြီး အမောဖြေတယ်။ ကျွန်တော်လဲ နားမလည်စွာ သူ့ကို ငေးကြည့်နေတယ်။
သူ အမောပြေ သွားတော့ ဖယောင်းတိုင် မီးလေးနဲ့ ပလတ်စတစ်ဗူးခွံလေးကို မီးရှို့တယ်။ ပလတ်စတစ် အစက်လေးတွေကို အဝတ်နဲ့ လိပ်ထားတဲ့ ပလတ်စတစ်လိပ်ပေါ်ကို ချတယ်။ တစ်စက်၊ နှစ်စက်၊ သုံးစက် အစက်ပေါင်းများစွာ အကျမှာ အဝတ်နဲ့ ပလတ်စတစ် ရောလိပ်ထားတဲ့ အလိပ်လေးပေါ်မှာ မီးတောက်လေး တစ်ခု ရောက်လာတယ်။ အုတ်နီခဲနှစ်ခုကို ဖိုခနောက်လို လုပ်ပြီး ကျွန်တော်တို့ ထမင်းစားဖို့ ပေးထားတဲ့ ပုံစံ ဒန်ပန်းကန်ပြားကို အပေါ်က တင်လိုက်တယ်။ မီးတောက်ကလေးက တဖြည်းဖြည်း အရှိန် ရလာတယ်။ ပုံစံ ပန်းကန်ပြားထဲကို သောက်ရေအိုးထဲက ရေကို နှစ်ခွက် ခပ်ထည့်လိုက်တယ်။ ကျွန်တော့်ကို မော့ကြည့်ပြီး
“ ရေနွေးပူပူလေး ရမယ် ”
သူ့အပြုံးထဲမှာ အောင်မြင်မှုတွေ ဂုဏ်ယူမှုတွေကို တွေ့လိုက်ရတယ်။
အခန်း (၆)
“ ရှာဖွေရေး၊ ရှာဖွေရေး ”
ဘေးအခန်းက အလန့်တကြား အော်လိုက်တဲ့ အသံကြောင့် ကျွန်တော် လန့်နိုးသွားတယ်။ အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဝန်ထမ်းတွေဟာ တန်းစီပြီး ဝင်လာတယ်။ တစ်ခန်းကို သုံးယောက်နှုန်းနဲ့ ကျွန်တော်တို့ အခန်းရှေ့မှာ လာရပ်နေကြတယ်။ ထောင်ထဲ ရောက်တာ မကြာသေးတဲ့ ကျွန်တော့်အဖို့ ဘယ်ပစ္စည်းဟာ ဖွက်ထားရမယ်၊ ဘယ်ပစ္စည်းဟာ ပေါ်တင် ထားရမယ်ဆိုတာ မသိတာ အမှန်ပဲ။ ဘာမှလဲ ထွေထွေထူးထူး မရှိတော့ အေးအေးဆေးဆေးပဲ။ ခဏနေတော့ အခန်းတိုင်း သော့တွေ ဖွင့်သံကြားရတယ်။ ကျွန်တော့် အခန်းရှေ့ ရပ်နေတဲ့ ဝန်ထမ်းသုံးယောက်ဟာ အခန်းထဲဝင်လာတယ်။ အိပ်ရာတွေကို ဖွတယ်။ တစ်ခုစီကို ကိုင်ကြည့်တယ်။ ဟင်းဗူးတွေကို ဖွင့်ကြည့်တယ်။ ဒီလိုနဲ့ ဖျာအောက်ကို အလှန်မှာ
“ ဒါ ဘယ်က ရတာလဲ ”
မာမာထန်ထန်နဲ့ ပစ္စည်းတစ်ခုကို ကိုင်ပြီး ကျွန်တော့်ကို လှမ်းမေးတယ်။ ကျွန်တော် လှမ်းကြည့်လိုက်မှာတော့ ဘရိတ်ဒါး ကျွန်တော့် အတွက် အသုံးဝင်တဲ့ ဘရိတ်ဒါး၊ ဒါကို သူက တရားမဝင် ပစ္စည်းတစ်ခု လက်ဝယ်ထားရှိတဲ့ တရားခံကို မေးတဲ့ ပုံစံနဲ့ မေးနေတယ်။ ချက်ချင်းပဲ ကျွန်တော်က
“ ဟိုနားက ကောက်ရလို့ သိမ်းထားတာ ”
“ ဒါ ထားခွင့် မရှိဘူး ”
မာမာထန်ထန်ပြောပြီး ပစ္စည်းကို သိမ်းသွားတယ်။
အခန်း (၇)
“ အစ်ကို ဘာတွေ ပါသွားလဲ ”
သူက စိုးရိမ်တကြီးနဲ့ လာမေးတယ်။
“ အရေးကြီးဆုံး ပစ္စည်းပေါ့ကွာ ”
“ ဘာလဲ အစ်ကို ” သူ စိုးရိမ်တဲ့ ဟန်နဲ့ မေးတော့ ကျွန်တော်က
“ ဘရိတ်ဒါး ”
ဒီပစ္စည်းရဲ့ အသုံးဝင်မှုဟာ ကျွန်တော်တို့ အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ သူသိတယ်။ သူ တစ်ချက် စဉ်စားဟန် ပြုပြီး
“ အစ်ကို ကျွန်တော် ကြိုးစားကြည့်မယ်၊ တစ်ခုခုတော့ အဆင်ပြေအောင်ပေါ့ ”
နေ့တစ်နေ့လုံးဟာ မီးခိုးတိတ်နေတယ်။ အသုံးဝင်ပစ္စည်း တစ်ခုရဲ့ပျောက်ဆုံးမှုနောက်မှာသောကတွေ၊မကျေနပ်မှုတွေ ပြည့်နေတယ်။
ညအတွက်လည်း အဖေါ်ဆေးလိပ်တိုလေးနဲ့အထီးကျန် မှုတွေကို ဖြေရှင်းလို့ရတော့မှာ မဟုတ်ဘူး။ မီးရဲ့ တန်ဘိုး ကိုအခုတော့ ပိုနားလည်သလိုပါပဲ။မကြာခင် တန်းပိတ်တော့မှာမို့ အလုပ်က လူတွေကိုပြန်ပြီး အခန်းတွေထဲ ထည့်နေပြီ ။ တန်းပိတ် သံချောင်းသံကို နာစွင့်နေတုန်းမှာပဲ မောင်ဦး အပြေးကလေး ရောက်လာတယ်။
“အစ်ကို ဒီမှာ ပါသွားတဲ့ပစ္စည်းလိုပဲ သုံးလို့ရတယ် အတူတူပဲ သုံးကြည့်နော် အဆင်ပြေတယ်”
ကျွန်တော် လက်ထဲ ပစ္စည်းတစ်ခုထည့်ပေးပြီ သူအပြေးအလွှား သူ့အခန်းရှိရာအပေါ်ထပ်
ကိုပြေးတက်သွားတယ်။ ကျွန်တော် တအံ့တသြစိုက်အကြည့်မှာမြင်လိုက်ရတာကတော့..
အခန်း(၈)
တကယ်ပါဗျာ ပစ္စည်းတစ်ခုဟာ အသုံးမလိုသူရဲ့ လက်ထဲမှာ ရွှေချောင်းကြီးဟာလဲ အလကား ပစ္စည်းဖြစ်နေမှာပါ။ တကယ်အသုံးလို အသုံးတည့်သူရဲ့လက်ထဲမှာ အိုကြမ်းကွဲ ပုလင်းကွဲဟာလည်း ရွှေလိုတန်ဘိုး ကြီးမားနေမှာ အမှန်ပါပဲ။ မောင်ဦး ပေးသွားတဲ့ ပစ္စည်းလေးဟာ အသိမ်းခံလိုက်ရတဲ့ ဘရိတ်ဒါး လေနဲ့ အသုံးဝင်မှုကအတူတူ ပါပဲ ။ မီးပွင့်တယ် ဆေးလိပ် မီးခိုးထွက်တော့မယ်။ ကျွန်တော်ကျေနပ် နေမိတယ်။ ဝမ်းသာအားရနဲ့ မီးကိုခတ်လိုက်တယ် ။ ပြီး ဆေးလိပ်ကိုကောက်ဖွာလိုက်တယ်။ အပေါ်ထပ်မှာ တန်းပိတ် ဘုရားရှိခိုးပြီးလို့ (၃၈) ဖြာမင်္ဂလာ ကဗျာ ကိုတောင်ရွတ်နေပြီပဲ ။
“ ကိုယ့်ပေါ်ပြုဘူး သူ့ကျေးဇူး အထူးသိတတ်စေ
အဲ့ဒါမှ ဗုဒ္ဓြွဝါဒ ကမBာ့ မင်္ဂလာတွေ”
ပျံ့လွင့်တာတဲ့ ကဗျာသံ လေးကိုနားထောင်ရင်း မောင်ဦး ပေးသွားတဲ့ အသုံးဝင်တန်ဘိုးရှိ ပစ္စည်းလေးကိုတရိုတသေ သိမ်းဖို့ ပြင်လိုက်တယ်။ အေးလေ ဒါလေးကကျွန်တော့် အတွက် တကယ့် တန်ဘိုးရှိနေတာလေ ။ မရှိတော့ပြီဖြစ်တဲ့ ဘရိတ်ဒါး ကိုယ်ပွားလေးလေ။ ဒါကတော့တကယ့်ကို ပီဘိ ပုလင်းကွဲလေးပါပဲ ။အော် ပုလင်းကွဲ ပေမယ့် ရွှေလို တန်ဘိုးရှိတယ်ဆိုတာ သေချာနေပါတယ်။
စိုးမိုးသူ (ဒိုက်ဦး)
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment