Thursday, June 16, 2011
အလယ်ကလူ အားနာတတ်၏
ဒီရပ်ကွက်ဒီလမ်းမှာဦးဘစံနေလာတာနှစ်၆ဝကျော်ခဲ့ပြီ..
တိတိကျကျပြောရရင်၆၁နှစ်ပြည့်ဖို့လပိုင်းလောက်ပဲလိုတော့တယ်..ရှေ့လဆိုဦးဘစံအသက် ၆၁နှစ်ပြည့် ပြီကိုး....
မွေးကတည်းကနေလာခဲ့တဲ့လမ်းကလေးမှာခုတော့လူဟောင်းဆိုလို့မျက်စောင်းထိုးအိမ်ကမအေးမြတို့နဲ့ ဦးဘစံတို့မိသားစုပဲရှိတော့တယ်..အရင်လူတွေကဈေးကောင်းရလို့ ဆိုပြီးတဦးပြီးတဦးရောင်းရောင်းပြီးမြို့ သစ်ပြောင်းသွားကြတာကြာပေါ့..အဲဒိတုန်းက ဝယ်ထားတဲ့ လူတွေကလည်း တဆင့်တဆင့်ပြန်ရောင်းရင်းနဲ့ အိမ်နီးချင်းတွေအမျိုးမျိုးပြောင်းနေတာကိုပင်စင်ယူပြီးမှပဲ ဦးဘစံသတိထားမိတော့တယ်၊၊အရင်ကတော့ တနေ့တနေ့အလုပ်နဲ့အိမ်တင်အချိန်ကုန်နေခဲ့တော့ပတ်ဝန်းကျင်နဲ့အလှမ်းဝေးသလိုဖြစ်နေခဲ့တာ. အခုတော့ ပင်စင်လည်းရ အိမ်စားဝတ်နေရေးအတွက်လည်းနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သားနဲ့သမီး ကထောက်ပံ့နေတော့ အေးအေးချမ်းချမ်း လေးနေလို့ရ ပြီလေ..ဒါကြောင့်အခုမှပဲပတ်ဝန်းကျင်ကိုသတိပြုမိတော့တာ၊၊
......................................................
ခေါင်းရင်းအိမ်ကိုပြောင်းလာတဲ့လူတွေကဦးဘစံအမြင်မှာတော့တရုတ်လူမျိုးတွေပဲ၊၊ ဒါပေမယ့်သူတို့က သူတို့ကိုယ်သူတို့ကိုးကန့် လူမျိုးလို့ ပြောကြတယ်။ဦးဘစံဘွဲ့ရတဲ့အထိစာသင်ခဲ့တဲ့တလျောက်မှာ မြန်မာနိုင်ငံတွင်း ကတိုင်းရင်းသားစာရင်းမှာကိုးကန့်လူမျိုးဆိုတာမသင်ခဲ့မကြားခဲ့ဖူးပါဘူး။ကိုးကန့်ဒေသဆိုတာတော့ ရှိတာ ပေါ့လေ.ဒါပေမယ့်အဲဒိလူကသူ့ကိုယ်သူ. “ဝလို့ က ကိုးကန့်လူမျိုး သိုင်းရင်းစားတွေ အမျိုးစားမတ်ပုံတင် စိ လယ်.”..လို့ မပီတပီပြောနေတာကြားဖူးတော့ သူပြောတဲ့အတိုင်းပဲအားနာပါးနာနဲ့တိုင်းရင်းသား လို့ပဲထား လိုက်ပါတယ်..
မြန်မာပီပီအားနာတတ်တာကိုး...
အဲဒိတရုတ်အဲ..ကိုးကန့်တွေနေတဲ့အိမ်ကတော်တော်သားနားတယ်။ခြံချင်းကပ်နေပေမယ့်ဦးဘစံအိမ် နဲ့တော့တခြားစီ။ ခြံနဲ့ပြည့်မတတ်ဆောက်ထားတဲ့အိမ်ကြီးကမီးစက်သံတညံညံနဲ့နေ့ရောညရောဆူလို့စည်လို့ပဲ. ဦးဘစံကတော်ပြောပုံအရတော့ကိုးကန့်ကြီးတို့ရဲ့စီးပွားရေးကပြင်ဦးလွင်နဲ့ချင်းရွှေဟော်မှာရှိတာဆိုပဲ. သူ့သားချင်း တွေက ပြင်ဦးလွင်မှာရော ချင်းရွှေဟော်မှာရောတရုတ်ပြည်မှာ ပါရှိသတဲ့ဒီဘက်နိုင်ငံက ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂမျိုးစုံနဲ့ပန်းပုရုပ်တွေတရုတ်ပြည်ကိုအကြီး အကျယ်ပို့ နေတာတဲ့ အဲဒိစကား ကြားတော့ ဦးဘစံ မျက်စေ့ထဲတအိအိလဲကျနေတဲ့ကျွန်းပင်ကြီးတွေကိုမြင်ယောင်လာတယ်..သူတို့စီးပွားရေးကနယ်မှာ ရှိပေမယ့် ဒီရန်ကုန်ကအိမ်ကသူ့သမီးတွေ ဘာသင်တန်းညာသင်တန်းတွေတက်ဖို့နဲ့သူ့မိသားစုရန်ကုန်လာရင် တည်းဖို့ဆောက်ထားတာတဲ့.. အိမ်အကြောင်းပြောရင်းသတိရမိသေးတယ်သူတို့ အိမ်ဆောက်ကာစကခြံစည်းရိုး ကာတော့ဦးဘစံဘက်ကနဂိုကကာထားတဲ့သစ်သား တိုင်စည်းရိုးကိုဖျက်ပြီးအုတ်ခြံစည်းရိုးကာမလို့တဲ့ ဦးဘစံကိုလာပြောတယ်ဦးဘစံလည်းသဘောရိုးအတိုင်းပိုကောင်းအောင်လုပ်တာပဲလုပ်ပါ ဆိုပြီးခွင့်ပြုလိုက်တာ ပေါ့၊.ခြံစကာပြီး၂ရက်လောက်နေမှဦးဘစခြံကာတဲ့နေရာကိုကြည့်မိတယ်.အလိုလေး... အုတ်စည်းရိုးကဦးဘစံနဂိုကာထားတဲ့စည်းရိုးထက်အုတ်၂ပြား စာလောက်ပိုပြီးဦးဘစံ ခြံဝင်း ထဲရောက်နေလေရဲ့။အရပ်စကားနဲ့ပြောရရင်တော့ မြေခိုးတာပေါ့လေ...ပထမတော့ အဖိုးကြီးအဖွားကြီး တွေအားကိုးစရာမရှိ ငွေလည်းမရှိဘူးလို့ထင်ပြီးသူတို့မှန်သလိုလိုဘာလိုလိုနဲ့ခပ်တင်းတင်း ပြောကြည့်သေးတယ် နောက်မှဦးဘစံတို့ဘက်မှန်နေတာရယ်သားသမီးတွေနိုင်ငံခြားကနေထောက်ပံ့နိုင်မှန်း သိသွားတာရယ် ကြောင့်လေသံလျော့ပြီးနဂိုအခြေအနေ အတိုင်းပြန်ကာပေးတယ်လေ ၊၊ ဖြစ်ကာစကစိတ်ဆိုးခဲ့ပေမယ့် ကိုးကန့်ကြီးရဲ့... “မြေသိုင်းတာမှားစွား လို့စိတ်မဆိလဲ့..”..ဆိုတဲ့စကားတခွန်းနဲ့ပဲဦးဘစံတို့ကျေနပ်လိုက်ပါတယ်...
အိမ်နီးချင်းတွေပဲလေ့  ပြီးတော့ကိုယ်တွေက မြန်မာတွေမဟုတ်လာ့း့ 
.........................................................
ဦးဘစံတို့အိမ်ခြေရင်းမှာနေတာကတော့ဦးအီဗရာအင်ခေါ် ဦးလှမောင်တို့မိသားစုပေါ့ သူတို့က တော့ပြောင်းလာတာ ကိုးကန့်ကြီးတို့ထက်နဲနဲစောတယ်၊၊ သူတို့ဇာတိမျိုးနွယ်က လည်းတဖက်နိုင်ငံကမြစ်ဖျားခံ လာတာဖြစ်ပေမယ့်ကိုးကန့်ကြီးတို့လိုတော့“ချွန်တော်ဒို့ကဒိုင်းရင်းသားဒွေ”လို့ခပ်တည်တည်နဲ့မပြောရှာပါဘူး. သူတို့မှာကိုးကန့်ကြီးတို့လို အမျိုးသားမှတ်ပုံတင် ကဒ်မရှိသေးလို့လား တော့မသိဘူး ပေါ့လေ၊၊ ဘာပဲဖြစ်ဖြစ်သူတို့ မိသားစုကတော့ဦးဘစံတို့ နဲ့ နဲနဲပိုရင်းနှီးတယ်ပြောရမလားပဲ.
ရင်းနှီးဆိုသူတို့ပြောင်းလာကတည်းက ဦးဘစံတို့ခြံထဲကစားပင်သီးပင်တွေကိုမျက်စေ့ကျတော့တာကိုး ဦးဘစံကဝါသနာ အလျောက်စားပင်သီးပင်လေးတွေစုံစုံစေ့စေ့လေးစိုက်ထားတယ် .ခြံထဲမှာအဝီစိတွင်းလေးလည်း ရှိတော့အပင်တွေဖြစ်ထွန်းတာပေါ့.အဲဒိတော့ ဦးဘစံခြံထဲဆင်းတာနဲ့ ဦးလှမောင်မိသားစုဝင်တယောက် ယောက်ခြံထဲဆင်းတာကြုံရင်..“ဟားအာကိုဂျီး.အာပင်တွေအရမ်းသန်ဒယ်..သီးဒယ်နော်အာကိုဂျီးတို့စားလို့ တောင်ကုန်မှာမဟုတ်ဖူးချွန်ဒေါ့ ကလေးတွေ သရက်သီးဆို သိပ်ကြိုက်.”..ဘာညာနဲ့ စကားခေါ်ရင် ဦးဘစံတို့က လက်မနှေးပါဘူး.အနဲဆုံးတခါစားတခါချက်တော့ပေးလိုက်တာပါပဲ.
ဒီလိုနဲ့ရေကအစပူစီနံပင်အဆုံး တောင်းရင်းပေးရင်းနဲ့စကားလေးဘာလေးပြောဖြစ်တာပေါ့လေ.
သူတို့ကလည်းမခေဘူးစေ့စေ့စပ်စပ်သုံးတတ်စွဲတတ်တော့ကုန်မာဆိုင်ကြီး တဆိုင်ဖွင့်ထားနိုင်တယ်၊၊ မြန်မာစကား ကိုလည်းမွှတ်နေအောင်တတ်တယ်၊၊အဲဒါတော့ကိုးကန့်ကြီးတို့ထက်သာတယ်၊၊ သူ့သားသမီးတွေကလည်း အလုပ်ကိုကြိုးကြိုး စားစားလုပ်ပြီးကျစ်ကျစ်လစ်လစ် နေတတ်တော့ဒိထက်ပိုကြီးပွားကြဦးမှာ ဦးဘစံမြင်ယောင် နေတယ်၊၊ သူတို့မိသားစုကလိုချင်တာလေးတွေ တတိတိတောင်းတတ် ပေမယ့်ကိုးကန့်ကြီးတို့လိုမာရေကြောရေ အပေါ်စီးကမဟုတ်တော့လိုချင်မျက်စေ့ရှိမှန်းသိပေမယ့်ဦးဘစံတို့ကတတ်နိုင်သလောက်ပေးပါတယ် အိမ်နီးချင်းတွေ မဟုတ်လား ၊၊ ပြီးတော့ကိုယ်တွေကမြန်မာတွေလေ...
....................................................................
ဦးဘစံတို့အိမ်ရှေ့ တဲ့တဲ့ကိုနောက်ဆုံးပြောင်းလာတာကတော့စစ်တပ်ကဗိုလ်ကြီးနဲ့သူ့မိန်းမ တရားသူကြီးတဲ့၊၊ အစကတော့ဦးဘစံတို့သတိမထားမိကြပါဘူး၊၊သူတို့ဦးဘစံအိမ်ရှေ့က တထပ်တိုက်ကလေး ဝယ်ပြီးမကြာခင်သူတို့မွေးထားတဲ့ ဒိုဘာမင်ခွေးကကျောင်းကပြန်လာတဲ့ ကလေးတယောက်ကို ထွက်ကိုက်လိုက် တယ်.ကလေးက သူ့ဟာသူလမ်းအတိုင်းအေးအေးဆေးဆေး ပြန်လာတာပါ။ ကိုက်တတ်တဲ့ခွေးမွေးထားရင် လုံလုံခြုံခြုံတော့ထားသင့်တာပေါ့၊၊ဒါနဲ့အကိုက်ခံရတဲ့ကလေးရဲ့မိဘတွေကနောင်ဒီလိုမဖြစ်ရအောင် ခွေးကို ထိမ်းထိမ်းသိမ်းသိမ်းထား ပေးဖို့ခွေးရှင်ကိုလာပြောကြတယ်။ အဲဒိမှာအိမ်ရှင်ကဒေါသတကြီးနဲ့ ကျုပ်ခွေး သူ့ဟာသူ ဘယ်နေရာနေနေ ဘာဖြစ်လဲကျုပ်ကိုဘာကောင်မှတ်လို့ဒီလိုလာပြောရတာလဲ. အခုဖုန်းတချက် ဆက်လိုက်ရင် ခင်ဗျားတို့ ဒုက္ခရောက်သွားမယ်.မကျေနပ်ရင်တိုင်ချင်တဲ့နေရာတိုင်.. ဘာညာနဲ့အော်ဟစ်ကြိမ်းမောင်းနေတာ ကြားမှ ဒီလူကဗိုလ်မှုးကြီးတယောက်ရဲ့သားဗိုလ်ကြီးဆိုတာဦးဘစံနဲ့တကွအရပ်ကလူတွေ သိရတယ်။ ခွေးကိုက်ခံရတဲ့ကလေးမိသားစုက ပဲပြန်တောင်းပန်ရမလိုဖြစ်နေတော့မြင်ရကြားတဲ့လူတွေက မခံချိမခံသာ ဖြစ်ကြတာပေါ့ လေ.ဒါပေမယ့်ဘာမှ တော့ဝင်မပြောကြပါဘူး.. သိတဲ့အတိုင်းပဲမြန်မာတွေ မဟုတ်လား.. သည်းခံကြတာပေါ့.
မိန်းမတရားသူကြီးမဆိုတာလည်းဦးဘစံတခါလားနှစ်ခါလားပဲမြင်ဖူးပါရဲ့၊၊ စိန်တွေကိုသီးလို့တော်တော် တောက်တောက် ပပဝတ်စားထား တာပဲ၊၊ ဦးဘစံကတော်ကတော့သူကြားရသမျှပြန်ပြောပြတယ်. အဲဒိတရားသူကြီးမ တော်တော်လာဒ်စားတယ်လို့နံမယ်ကြီးသတဲ့သူ့ယောင်္ကျားဗိုလ်ကြီးကလည်း နေရာကောင်းရလို့တော်တော်စီးပွားဖြစ်သတဲ့၊၊ သူတို့လင်မယားတော်တော်နံမယ်ထွက်နေပေမယ့် အထက်ကို လည်းပေးကမ်းပြီးပိုင်အောင်ပေါင်းထားတာရယ် လူကြီးကတော်တွေနဲ့ဆုံရမယ့်ပွဲလမ်း တွေသွားရင် လူကြီးကတော်တွေမျက်စေ့စပါးမွှေး မစူးအောင်ခပ်သေးသေးပုလဲနားကပ်လေးကလွဲရင်ဘာမှ ဝတ်စား မသွားပဲပိပိရိရိနေတတ်လို့ပိုအဆင်ပြေနေတာတဲ့... လူကြီးကတော်တွေထက် သာအောင်ဝတ်စားသွားလို့ အဖွားကြီးတွေမနာလိုဖြစ်ရင်သူ့ယောင်္ကျား ချောင်ထဲ ရောက်သွားမှာစိုးလို့တဲ့..
သူ့မိန်းမကသိသမျှပြောဆိုပြီးထသွားပေမယ့်ဦးဘစံကတော့ အတွေးထဲမှာဆက်နစ် နေသေး တယ်။အိမ်ရှေ့ကဥဒဟိုဖြတ်သွားနေတဲ့ လူတွေကိုကြည့် ရင်းသူ့လမ်းသူသွားနေရင်း ခွေးကိုက်ခံရရှာတဲ့ ကျောင်းသားလေးကိုမြင်ယောင်လာတယ်။ပြီးတော့နိုင်ငံရပ်ခြား တွေ မလုပ်ချင်တဲ့ အလုပ်တွေကိုပင်ပင်ပန်းပန်း လုပ်နေရတဲ့သူ့သားသမီးတွေနဲ့ တခြားလူငယ်လေးတွေ..ကိုယ့်တိုင်း ပြည်ထဲလာပြီးကြိုက်သလို စီးပွားရှာခွင့်ရထားတဲ့အိမ်နီးချင်းတွေ.... ငွေမျက်နှာတခုပဲကြည့်တတ်တဲ့အထက်ဖား အောက်ဖိ အာဏာရှုး တွေ...မတရားအဖမ်းခံခဲ့ရသွေးမြေကျခဲ့ရတဲ့သံဃာတော်တွေနဲ့အပြစ်မဲ့နိုင်ငံရေးအကျဉ်းသားတွေ..အစီအရီခေါင်း ထဲပေါ်လာ ပြီးဘာကိုမှန်းမသိဘယ်သူ့ကိုမှန်းမသိပဲမကျေမနပ်ဖြစ်လာတယ်။သေသေချာချာသိလိုက်တာ တခုကတော့ သူ မကျေ မနပ်ဖြစ်နေတဲ့ လူတွေထဲမှာသူကိုယ်တိုင်ထိပ်ဆုံးကပါနေတာကိုပဲ။
သီတာအောင် (သံလွင်ခ)
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment