Thursday, June 16, 2011
ကြိုးပြတ်စွန်
    “အမလေး ကိုရင်သာမောင်ရဲ့ ကျုပ်ရင်တွေပူလှပြီတော့ ကျုပ်သားလေး သွားရှာပေးပါဦး.. ကျုပ်သားတခုခုဖြစ်နေပြီ ထင်ပါရဲ့တော်”
    “မယ်လှရယ်.. မင်းကလဲအစိုးရိမ်ကြီးရန်ကော၊ မင်းသားပြန်လာမှာပါ၊ ခဏ စောင့်ပါဦး လားကွာ”
    “အော် ကိုရင်ရဲ့ ကျုပ်သားအကြောင်း ကျုပ်အသိဆုံးပါ။ ဘယ်သွားမယ် ဘယ်အချိန် ပြန်လာမယ်ဆိုတာ အမြဲပြောသွားတဲ့ကလေး၊ အခုလဲ ဟိုဖက်လမ်းထဲက သူ့သူငယ်ချင်းအိမ်မှာ စာအုပ်သွားငှားဦးမယ် ခဏပါပဲဆိုပြီး ထွက်သွားလိုက်တာ မိုးတောင်ချုပ်လုပြီး ကျုပ်ပူရတာပေါ့”
    “အေးပါ မယ်လှရာ မိုးချုပ်လို့မှ မလာရင် ငါလိုက်စုံစမ်းပေးပါမယ့်ကွာ”
    “တော်ကလဲတော် မိုးချုပ်အောင်ပဲ စောင့်နေရတယ်လို့ ကျုပ်ရင်တွေမီးတောက်နေပြီတော့ ကျုပ်သား ဘယ်တုန်းကမှ နေဝင်မိုးချုပ်နေဘူးတာ မဟုတ်ဘူး.. ဘုရားဘုရား သားလေး ဘေးမသီ ရန်မခပါစေနဲ့ ခလုတ်မထိ ဆူးမငြိပါစေနဲ့တော်”
    “ကဲကဲ့  မယ်လှ တဗြစ်ဗြစ်တောက်တောက်လုပ်မနေနဲ့ငါ ရပ်ကွက်ထဲ သွားစုံစမ်းကြည့်မယ်.. သူ့သူယ်ချင်းအိမ်လဲဝင်ခဲ့မယ် မင်းစိတ်အေးအေးထားပြီး ကျန်ခဲ့ပါကွာ”
                           ဂဂဂဂဂဂဂဂဂဂဂဂဂ
    ဒေါ်မယ်လှသည်လည်း တဖက်တလမ်းမှ အိမ်စားရိတ် ကာမိရန်အရေး၊ အိမ်ရှေ့လမ်းဘေး တွင် အကြော်စုံ ရောင်းရင်း နေထိုင်ကြသော အခြေခံလူတန်းစားများထဲက ရိုးရိုးသားသား လုပ်ကိုင်နေထိုင်ကြသော မိသားစုလေး တခုဖြစ်ပါသည်။
    သူတို့လင်မယားအသက်ကြီးကာမှ သားလေး မောင်ရန်အေးကို မွေးဖွားလာခဲ့ပါသည်။ တဦးတည်းသောသား လေးဖြစ်လို့ လင်မယားနှစ်ယောက်မှာ အချစ်ကြီးချစ်ကာ အရိပ်တကြည့်ကြည့် နဲ့နေလာလိုက်တာ မောင်ရန်အေး (၁၄) နှစ်သား ၈တန်းကျောင်းသား ကြီးအရွယ် ရောက်လာ ပါတော့သည်။ တဦးတည်းသောသားလေး ဖြစ်လင့်ကစား မောင်ရန်အေးလေးဟာ လိမ္မာရေးခြားရှိပြီး အတန်းပညာမှာလဲ ထူးချွန်လေတော့ အတန်းထဲတွင် အမြဲဗိုလ်စွဲကာ လူတကာချီးမွန်းခံရသည့် သွက်လက်ချက်ခြာသော သားလိမ္မာလေး ဖြစ်လေသည်။ မောင်ရန်အေး လေးက သူကြီးလာရင် အင်ဂျင်နီယာကြီးလုပ်ကာ မိဘနှစ်ပါးကို ရှာကျွေးဦးမှာဆိုသော စကားသည် ဒေါ်မယ်လှ ပန်းသမျှ နွမ်းသမျှတွေကို လန်းစေခဲ့ရလေသည်။
    ဒါကြောင့်လဲ ဒေါ်မယ်လှတယောက် သားပညာရေး အထောက်အပံ့ရစေရန် ဝါးကျည် တောက်ကြီး ထဲမှာ မစားရက်မသောက်ရက် ငွေတွေ စုလာလိုက်တာ သားတသက်ပင်ရှိချေပြီ။ ဝါးကျည်တောက်ကြီးကိုကြည့်ပြီး ငါ့သား အင်ဂျင်နီယာကြီးအတွက်ဆိုကာ ပီတီတွေဖြာလို့ အေးချမ်း သာယာစွာ နေလာခဲ့ကြတဲ့ သူတို့ရဲ့ဘဝထဲကို မမျှော်လင့်ပဲ သောကမုန်တိုင်းတိုက်ခိုက်လို့ ကံဆိုး မိုးမှောင် ကြခဲ့ရပါလေတော့သည်။
                                                               ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
    “မမယ်လှ တော်တို့လင်မယားနှစ်ယောက် ဆူညံဆူညံ အသံတွေကြားလို့ဘာဖြစ်လဲလို့ လာကြည့်တာပါ”
    “ခင်မြရေ.. လာလာ အတော်ပဲ ညည်းလာလို့ပြောရအုံးမယ်။  ငါ့သားလေးဟိုဖက်လမ်းထဲ စာအုပ်ငှားဆို ပြီးထွက်သွားလိုက်တာ ပြန်မလာသေးလို့ ကိုသာမောင်ကို လိုက်ကြည့်ခိုင်းတာပါအေ”
    “မမယ်လှရေ မဟုတ်မှလွဲရော.. ဖွဟဲ့.. လွဲပါစေဖယ်ပါစေ.. မဟုတ်ပါစေနဲ့တော်”
    “ဟဲ့.. ခင်မြ နင့်ဟာကလဲ အရင်းမရှိ အဖျားမရှိနဲ့ ဘာလဲဟဲ့”
    “မမယ်လှ ကျုပ်ကြားနေတာကြာပြီ အခုတလော ကျုပ်တို့လို ဆင်းရဲသားရပ်ကွက်တွေမှာ မောင်ရန်အေး အရွယ်လေးတွေ ပျောက်ပျောက်ကုန်သတဲ့.. ကလေးစစ်သားဆိုလား.. ဘာလားပဲတော် ဖမ်းဖမ်းသွားတယ်လို့ ပြောတယ်”
    “ဟဲ့..ခင်မြ ဟုတ်ရဲ့လား ငါကြားဖူးတာက အဲ့ဒီလိုဟာတွေက နယ်တွေမှာ ဖြစ်တာလေ  တောတွေမှာ ဖြစ်တာပါအေ ခုဟာက ကျုပ်တို့က ရန်ကုန်မြို့ကြီးပေါ်မှာ နေတာပါအေ့”
    “ဟုတ်တယ်.. မမယ်လှ အရင်က နယ်တွေမှာပဲ ရှိတာ အခုရန်ကုန်မှာတောင် ရှိနေပြီအေ့.. ညည်းမယုံမရှိနဲ့ တော်ကြာ ကိုယ်တွေကြုံနေရဦးမယ်  ဟော့..ဟိုမှာ ညည်းယောကျာ်း ပြန်လာ ပြီ..ကျုပ်ပြန်တော့မယ်”
    “ကိုသာမောင် သားသတင်း ဘာကြားခဲ့လဲ”
    ဒေါ်မယ်လှအမောတကောနဲ့မေးသည်ကို ပင့်သက်ရှိုက်ကာ ပြန်ဖြေလိုက်သည့်ဦးသာမောင်..
    “ငါ ရပ်ကွက်ရုံးမှာ ကလေးပျောက်တိုင်ခဲ့တယ်။ သားသူငယ်ချင်းအိမ်လဲရောက်ခဲ့တယ်.. မင်းသားစာအုပ်ငှားပြီးပြန်သွားတာ ကြာပြီတဲ့”
    “ဟုတ်ပါပြီ ဟုတ်ပါပြီ”
    “ဟဲ့.. ဘာတွေဟုတ်နေတာလဲ မယ်လှရဲ့”
    “အခုဘဲ ဘေးအိမ်က ခင်မြပြောသွားတယ် ကလေးစစ်သားလုပ်ဘို့ကလေးတွေ လိုက်ဖမ်းနေတယ်တဲ့..အမလေးကိုရင်ရဲ့ ကျုပ်တို့ကိုယ်ကျိုးနဲပြီးထင်ပါတယ်တော်”ဟုပြောပြီး အရုပ်ကြိုးပြတ်လဲကျသွားလေသည်။
    “မယ်လှ.. မယ်လှ  သတိထားလေ.. သတိထားလေ ”
    “သတိရပြီလား ရော့ရော့ ရေသောက်လိုက်ဦး ၊၊ ငါလဲငါ့သားလေးအတွက် စိတ်ပူနေပါ တယ်ကွာ .. မင်းရင်ထဲက အပူကိုနားလည်ပါတယ်ကွာ.. မနက်ရောက်တော့ ငါလိုက်စုံစမ်းပါမယ့်ကွာ..”
    “အော် ကိုရင်ရဲ့  ကျုပ်ဘယ်လိုနေရမှာလဲ ကျုပ်ရင်တွေဗလောင်ဆူနေပြီတော့.. အင်ဂျင် နီယာကြီး ဖြစ်ချင်တဲ့ကျုပ်သားကလေး စစ်သားအဖြစ်အဖမ်းခံရပြီထင်ပါရဲ့တော်” ငိုကြီးချက်မနဲ့ ပြောရင်းထပ်မံ လဲကျသွားလေသည်။
                                        ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
    နောက်တနေ့မနက် ကိုရင်သာမောင်တယောက် သားပျောက်ရှာပုံတော် ဖွင့်ရပါလေ တော့သည်။ပွဲစားလဲလုပ်တဲ့ ကိုရင်သာမောင် အပေါင်းသင်းမိတ်ဆွေများလေတော့ သားသတင်း စနည်းနာဘို့ လေးလံတဲ့ခြေလမ်းတွေနဲ့ အိမ် မှ ထွက်လာခဲ့ပါသည်။ ဒေါ်မယ်လှ ခမျာမှာတော့ သားစိတ်နဲ့အိပ်ရာထဲဘုံးဘုံးလဲ၊ အကြော်လဲမကြော်နိုင်၊ ပဋာ မြေလူးအဖြစ်နဲ့ အိပ်ရာပေါ်မှာ မျက်ရည်မျက်ခွက်ဖြင့် ကျန်ရစ်ခဲ့ရပါတော့သည်။
     နေ့ရက်တွေ ကုန်ဆုံးလာလိုက်တာ တလဆိုတာ ဘယ်လိုကုန်ဆုံးသွားမှန်း မသိအောင်ပါပဲ။ မမယ်လှခမျာ မှာတော့ သားလေးနဲ့ခွဲနေရတဲ့ တလဆိုတဲ့ အချိန်အတွင်းမှာ နေ့တွေ လတွေဟာ သူ့ဘဝအတွက်တော့ တကမBာလိုပါပဲ ၊ နေ့တွေလတွေ ရှည်ကြာပါဘိ။
    “မယ်လှရေ မယ်လှ မင်းစိတ်မပူနဲ့တော့ ငါအခုအဆက်အသွယ် တခုရခဲ့ပြီကွ့ ငါတို့ ရဲ့သားလေးကို ငါတို့အခု ကယ်နိုင်တော့မှာဟ”
    အိပ်ရာထဲ မီးစာကုန်ဆီခန်းဖြစ်နေတဲ့ ဒေါ်မယ်လှ သားစကားကို ကြားတဲ့အခါမှာတော့ ငေါက်ခနဲထထိုင်ရင်း
    “ဘယ်လိုဘယ်လို ကျုပ်သားနဲ့ပြန်တွေရတော့မယ်ဟုတ်လား”
    “ဟုတ်တယ် မယ်လှ ငါ့မိတ်ဆွေတယောက် ဆက်သွယ်ပေးလို့ ဟိုဘက်တလမ်းကျော်က တပ်ကြပ်ကြီးဟောင်းတဦးနဲ့တွေ့ခဲ့ရတယ်။ ငါ့မိတ်ဆွေနဲ့ အဲ့ဒီတပ်ကြပ်ကြီးက ညီအကိုရင်းလို ခင်ကြတယ် ကွ”
    “ဟုတ်လား  သူက ကျုပ်တို့ကိုဘယ်လိုကူညီမှာလဲတော့”
    “ဖြေးဖြေးပြောပါ မယ်လှရာ ငါရှင်းပြပါ့မယ် ၊၊ ငါက ငါတို့သားလေးအကြောင်းနဲ့ သူ့အမေ မင်းဟာ သားစိတ်နဲ့ အိပ်ရာထဲလဲလို့ လုံးပါး ပါးတော့မယ် အကိုရာ၊ ကျနော်တို့မိသားစုဘဝလေးကို ကယ်ပါဦးဆိုပြီး ပြောတာပေါ့ ၊၊ နောက်ဆုံးငါတို့ကို သနားတာရော ငါ့သူငယ်ချင်း မျက်နှာရောပေါ့ကွာ.. သူကူညီမယ်ဆိုပြီး ဖြစ်သွားလေရဲ့”
    “အမလေး..မောင်မင်းကြီးသား ကျန်းမာပါစေ.. ချမ်းသာပါစေ.. သက်တော်ရာကျော် ရှည်ပါစေတော်”
    “မယ်လှ ဆုတွေပေးမနေနဲ့ဦး ငါ့စကားဆုံးအောင်နားထောင်ဦး မင်းပေးရမှာတွေ ကျန် သေး သလားဟ”
    “ဘာများတုန်းတော့”
    “အေး..ငါတို့ကိုကူညီမယ့်တပ်ကြပ်ကြီးကို ငွေ၈သိန်းပေးရမှာ”
    “ဗုဒ္ဓြေွါ.. ကျုပ်တို့မှာငွေ၈သိန်းမပြောနဲ့ ၈ထောင်တောင်မရှိတာတော်..ကျုပ်တို့ဘဝတွေက တနေ့လုပ်မှ တနေ့စားဘဝပါတော်.. ”
    “ကိုရင်..ကျုပ်တို့ ဒီငွေမပေးနိုင်ရင် ကျုပ်သားနဲ့ပြန်မတွေရတော့ဘူးပေါ့ ဟုတ်လားကိုရင်ရယ် ကျုပ်တို့အခြေအနေကိုပြောပြပြီး တပ်ကြပ်ကြီးကိုဈေးဆစ်ကြည့်ပါဦးလားတော်”
    “ငါလဲ အဲ့လောက်ဘယ်ညံ့မလဲ မယ်လှရာ.. အဲ့ဒီတပ်ကြပ်ကြီးရဲ့ခြေသလုံးကိုဖက်ပြီး ရှိခိုးဦးတင်ပြောတာပေါ့ကွာ၊၊ နောက်ဆုံး ငါတို့ကိုငဲ့ညာပြီး ငွေ ၅ သိန်းနဲ့ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောသကွ.. ငါ့သူငယ်ချင်းကလဲ အဲ့ဒီငွေ ၅ သိန်းတော့ ရအောင်ရှာခဲ့တဲ့ကွ”
    “ကိုရင် ကျုပ်တို့တွေမှာ ရွှေဆိုလို့ မူးလို့ ရူစရာတောင်မရှိ၊ ပေါင်နှံရောင်းချစရာဆိုတာလဲ နတ္ထိမဟုတ်လား ကျုပ်တို့ အဲ့ဒီငွေတွေကိုဘယ်လိုရှာကြမှာလဲတော်”
    “ကိုရင်ရေ.. ကျုပ်သတိရပြီတော့.. ကျုပ်သားလေး အင်ဂျင်နီယာကျောင်းတတ်ဘို့ စုထားတဲ့ပိုက်ဆံတွေလေ ဝါးကျည်တောက်ထဲ ပြည့်နေပေါ့.ကျုပ်မစားရက် မသောက်ရက် သားပညာရေးအတွက်စုထားတဲ့ ဝါးကျည် တောက်ထဲမှာ အနည်းဆုံးငွေ ၁ သိန်းကျော်တော့ ရှိမှာ တော့”
    “စိတ်အေးအေးထား မယ်လှရာ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုပေမယ့် ငါယောကျာ်းပါကွ။ ငါ့သားအတွက်ငါကြံပါဖန်ပါဦးမယ်ကွာ.. မင်းသာ မင်းသားနဲ့ ပြန်တွေ့နိုင်အောင် ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်ပါကွာ။ မင်းကိုယ် မင်းလဲ မှန်ထဲပြန်ကြည့်ပါဦး ယူပစ်သလိုကျသွား လိုက်တာမိန်းမရာ.. ငါ့မှာ သားအတွက်ပူရ မင်းအတွက် စိတ်မ အေးရနဲ့ ဖြစ်နေရတာကွ”
    “အေးပါတော် ကျုပ်အားတက်လာပါပြီ။ ကျုပ် နေကောင်းတော့မှာပါ”
နောက်တနေ့ ကိုရင်သာမောင်တယောက် မှိုရတဲ့မျက်နှာနဲ့အိမ်ပြန်အလာ ဇနီးဖြစ်သူက
    “ကိုရင်.. ပိုက်ဆံကိစ္စအဆင်ပြေလာပြီလား ကျုပ်တော့ကျုပ်သား ဝါးကျည်တောက်ကြီး ခွဲလိုက်တာ ၁ သိန်းခွဲ ကျော်ရှိသတော့”
    “အေး.. မင်းတို့ငါတို့အဖြစ်ကို မမြင်ရက်လို့ ငါ့သူငယ်ချင်းက သူ့ သူဌေးဆီမှာ ၁ဝ တိုးနဲ့ ငွေချေးပေးမတဲ့ကွ တ နှစ်အတွင်းတော့ ပြန်ဆပ်ရမှာတဲ့လေ”
    “ကျေးဇူးကြီးလှပါပေတယ်တော်.. ကျုပ် အဲ့ဒီပိုက်ဆံမကျေမခြင်း အကြော်ရောင်းပြီး ဆပ်ပါ့မယ်  တနေ့ထမင်း တနပ်ပဲစားပြီး ကျုပ်ငွေစုပါ့မယ့်.. ကျုပ်သားလေးကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ရရင် ကျုပ်သေပျော်ပါပြီတော်”
                                    ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
    တပတ်ကြာသောအခါ တပ်ကြပ်ကြီးကို ငွေ ၅ သိန်းပေးလိုက်နိုင်ပြီဆိုလျှင်ပဲ ၂ ရက်အတွင်း ကိုသာမောင်တို့ဇနီးမောင်နှံ သားကိုတွေ့ခွင့်ရတော့မည် ဖြစ်လေသည်။ ငွေမျက်နှာကြီးမှုကို ဒေါ်မယ်လှ တယောက် စဉ်းစားရင်း အတွေးနယ်ချဲ့နေပါတော့သည်။ သြော် ငါတို့တောင် ကံကောင်းထောက်မလို့ ပိုက်ဆံချေးမယ့်သူကလည်းရှိ၊ ကိုသာမောင်ကလည်း အဆက် အသွယ်ကောင်းပေလို့သာဘဲ။ တကယ်လို့များ စားဝတ်နေရေးအတွက် မပြေမလည်နဲ့ ရုံးကန်နေကြရတဲ့ သူ တွေအတွက်ကတော့ ကလေး ပျောက်သွားတာကိုဘဲ သိလိုက်ကြရမှာ။ ဘယ်မှာ ရှာလို့ရှာရမှန်းမသိ ဒီအတိုင်း လက်ပိုက် ကြည့်ပြီး မိမိတို့ရဲ့ ရင်သွေးတွေနဲ့ ရှင်ကွဲ ကွဲကုန်ကြတာတွေ ဘယ်အထိတောင် ရှိနေကြပြီလည်း နော်.. သားပျောက်မိခင်တွေရဲ့ မျက်ရည်တွေဟာ ငါတို့ မြန်မာပြည်အနှံ့မှာ ပင်လယ်ဝေနေကြပြီထင်ပါရဲ့။  ဘုရာ့း့ ဘုရား သမုဒ္ဒရာအဖြစ် ရောက်မသွားပါစေနဲ့။
    အပျော်ကြီးပျော်နေတဲ့ဒေါ်မယ်လှတို့ ဇနီးမောင်နှံ ရင်ကွဲပက်လက်ဖြစ်ရတဲ့ နေ့ကတော့ သားမောင်ရန်အေးကိုသွားရောက်ခေါ်ယူတဲ့ နေ့ပဲဖြစ်ပါတော့သည်။  တပ်ကြပ်ကြီးဟောင်းဆိုသူက ဦးဆောင်ခေါ်လာရာနောက်မှာကိုသာမောင်တို့ ထပ်ကြပ်မကွာလိုက်ပါလာကြသည်။
    စစ်သားစုစောင်းရေးတပ်ထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ငွေလမ်းခင်းထားတဲ့ တပ်ကြပ်ကြီး ဟောင်းက ဦးဆောင်ကာ လူပ်ရှားလေတော့သည်။
    “ဆရာကျော်ရေ.. ဒါကျနော့်အကိုနဲ့အမဗျာ.. ဆရာကျော်ကိုကျနော်ပြောထားတာလေ သူတို့ရဲ့သားလေးပေါ့ အကိုနဲ့အမကဗျာ သူတို့ရဲ့သားကို ၁ဝ တန်းအောင်တဲ့အထိ ကျောင်းထား ပေးချင်သတဲ့။ ၁ဝတန်းအောင်မှ ဥဤှတိုှီ့ဗ တို့ဖြေပြီး တပ်ထဲဝင်စေချင်ကြတာလေ.. အဲ့တာကြောင့် ကျနော်ပြန်လာခေါ်တာပါ”
    သူတို့ချင်းအပေးအယူ လုပ်ထားပြီးသားဆိုတော့ သိပ်ရှည်ရှည်ဝေးဝေးပြောမနေရတော့ပါပဲ ကလေးကို ခေါ်လာ ပါတော့သည်။ ဆရာကျော်နောက်မှာ ကတုံးစတောက်နဲ့ထုံထုံထိုင်းထိုင်းဖြစ်နေတဲ့ မောင်ရန်အေး လိုက်ပါလာ ပါတော့သည်။ မိဘနှစ်ပါးရှေ့ရောက်တယ်ဆိုရင်ပဲ မောင်ရန်အေးဟာ ကောက်ခါငင်ကာနဲ့
    “မိဘကိုလုပ်ကြွေးဖို့စစ်ထဲဝင်တာ၊ တိုင်းပြည်နဲ့လူမျိုးအတွက် စစ်ထဲဝင်တာ” ဆိုတဲ့စကား နှစ်ခွန်း ကို လက်သီးလက်မောင်းတန်းကာ ကြက်တူရွေးစာချသည့်နှယ် တရစပ်ရွတ်ဆိုနေပါ တော့သည်။ အဲ့ဒီအချိန်မှာပဲ အတူ လိုက်ပါလာတဲ့ တပ်ကြပ်ကြီးက လိမ္မာပါးနပ်စွာနဲ့ မောင်ရန်အေး ကျောကို သပ်ရင်း
    “အေးပါ ငါ့တူရာ.. မင်းစိတ် ဓါတ်ကိုလေးစားပါတယ်ကွာ.. အခုတော့ မင်းအဖေနဲ့ မင်းအမေက မင်းကို ၁ဝ တန်းအောင်တဲ့အထိ စာသင်စေချင်သတဲ့ကွ.. အဲ့တာ ဦးတို့နဲ့ ပြန်လိုက်ခဲ့နော်.. ၁ဝ တန်းအောင်ပြီးမှစစ်ဗိုလ်ကြီး လုပ်ကွနော်” လို့ပြောကာ ကလေးကို ပြန်ခေါ်ဆောင် လာပါ တော့သည်။
    အပြန်လမ်းမှာ အားလုံးတိတ်ဆိတ်စွာလိုက်ပါလာကြရင်း မောင်ရန်အေး တဦးတည်း သာလျှင် “တိုင်းပြည်ကိုချစ် လို့စစ်ထဲဝင်တာ၊ မိဘာကိုလုပ်ကြွေးဖို့စစ်ထဲဝင်တာ” ဆိုသောစကား ကိုသာ ထပ်တလဲလဲရွတ်ဆိုရင်း သံပတ် ပေးထားသော စက်ရုပ်တရုပ်ပမာ လိုက်ပါလာပါတော့သည်။
ဦးသာမောင်မှာ မျက်စိမျက်နှာမကောင်းပေမယ့် ယောကျာ်းဆိုတော့ ဟန်ပြင်းလို့မာန်တင်းနိုင်ခဲ့ပေမယ့် ဒေါ်မယ် လှခမျာမှာတော့ သားတော်မောင်ကိုကြည့်ပြီး ကမBာပျက်မတတ် ခံစားနေရပါတော့သည်။ မောင်ရန်အေးလေး ရဲ့  အဆက်မပြတ်စကားသံတွေဟာ သူမရဲ့ရင်ကို နာကျင်စေပါတော့သည်။
    အများရှေ့မှာ ဟန်ဆောင်မျိုသိပ်ကာ လိုက်ပါလာတဲ့ ဒေါ်မယ်လှတယောက် မျက်လုံးအိမ် အတွင်းမှာတော့ မျက်ရည်တွေဝေလို့နေပါတော့သည်။ သားအဖြစ်ကို မမြင်ရက်မကြည့်ရက်နဲ့ နှလုံးအိမ်မှာ တနုံ့နုံ့ခံစားကာ အ သက်မဲ့သူတယောက်ပမာ လိုက်ပါလို့လာရင်း အိမ်ရောက်တယ် ဆိုရင်ဘဲ ဒေါ်မယ်လှတယောက် ဟန်ဆောင် ရတာတွေကို အိပ်သွန်ဖာမှောက် အန်ထုတ်ပြီး သား မောင်ရန်အေးကိုဖက်ကာ အောက်ပါအတိုင်း ငိုခြင်းချ လိုက်ပါတော့သည်။
    “အမလေး.. ကိုသာမောင်ရဲ့  ကျုပ်သားလေး ဘဝပျက်ပါပြီတော့.. မိမွေးဖမွေးတိုင်း ပြန်ကောင်းလာပါ့ဦးမလားတော့” ဟူသတည်း။
                        လေးလေး - တိုကျို
No comments:
Post a Comment